ကချင်ပြည်နယ်၊ မိုးမောက်မြို့ နယ် စစ်ကောင်စီတပ်ရှိရာ စီဟတ်ကျေးရွာဝန်းကျင်တစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်နေသောကြောင့် စီဟတ်ကျေးရွာ အနီးအနားရှိ ကျေးရွာများမှပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။
တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် မိုးမောက် KBC ဘုရားကျောင်းတွင် စစ်ရှောင်၅၀၀ကျော်၊ ဗန်းမော် တံခွန်တိုင် ဘုန်းကြီးကျောင်းတွင် ၄၀၀ကျော်၊ နန့်လိုင်ရွာ ကတ်သလစ်ဘုရားကျောင်းတွင် ၃၀၀ကျော်၊ ဗန်းမော် မင်းကျောင်းကုန်းရပ်ကွက် ပရဟိတကျောင်းတိုက်တွင် အိမ်ထောင်စုအနည်းငယ်နှင့် သိမ်တော်ကြီးကျောင်းတွင် စစ်ရှောင် ၂၀၀ခန့်ရောက်ရှိနေကြောင်း မိုးမောက်ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“အခြေခံစားသောက်ကုန်၊ ရေနဲ့ အိုးခွက်ပန်းကန်၊အခင်းတွေ လိုအပ်နေပါတယ်”ဟု ပြောသည်။
စီဟတ်ကျေးရွာသည် စစ်ကောင်စီ၏ ခမရ ၃၄၇နှင့် ခမရ ၃၂၀တပ်ကြားတွင်ရှိပြီး အိမ်ခြေ ၅၀၀ကျော်ရှိသည်ဟုသိရသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသော ကျေးရွာများမှာ စီဟက်၊ ကုန်းလော၊ မိုင်းခတ်၊ မင်းဂျမ်း၊ မြို့သစ်၊နောင်ကွမ်း၊ ရွှေမြောင်း၊ နန့်ငိုး၊ မြို့ဟောင်း၊ တာလီ၊နွမ်လန်း ၊တောပေကျေးရွာ အပြင် အခြားကျေးရွာများဖြစ်ကြောင်းသိရသည်။
ဧပြီလ၁၀ရက်နေ့ကတည်းက ဖြစ်ပွားခဲ့သော ဗန်းမော်-မြစ်ကြီးနား လမ်းတလျှောက်တွင် စစ်ကောင်စီနှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများကြောင့် လမ်းတစ်လျှောက်ရှိ ဒေသခံ ၂ထောင်ကျော်ခန့် စစ်ရှောင်နေကြရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ဒေသခံ၅ဦးထက်မနည်းသေဆုံးခဲ့ရပြီး သံဃာတော်တစ်ပါးပျံလွန်တော်မူခဲ့သည်။
ဒဏ်ရာရှိသူ ၅ဦးခန့်ရှိခဲ့ပြီး အိမ်ခြေအတော်များများလက်နက်ကြီး ကျရောက်မှုကြောင့် ပျက်စီးခဲ့ရကြောင်းသိရသည်။
Photo Courtesy by CJ
သင့်ထင်မြင်ချက်ရေးပေးပါ