ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ မြို့မရပ်ကွက် ဗျူဟာကုန်းသို့ ယနေ့ မွန်းလွဲ ၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးချဲ့လာသောကြောင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဖားကန့်ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗျူဟာကုန်းသို့ ချီတက်သွားသဖြင့် ဗျူဟာကုန်းအနီးရှိ မြို့မရပ်ကွက်မှပြည်သူများသည် ဘုရားကျောင်း၌ တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
” ဒီနေ့ ၂ နာရီလောက်မှာ စစ်အင်အား၊ လက်နက်အပြည့်အစုံနဲ့ ဗျူဟာကုန်းကိုတက်သွားကြလို့ မြို့မရပ်ကွက် အနီးတစ်ဝိုက်က ပြည်သူတွေ ကြောက်လို့ ဘုရားကျောင်းကို ထွက်ပြေးတိမ်းရှောင်သွားကြပြီ၊ တချို့ကတော့ ဆွေမျိုးတွေအိမ်မှာ သွားနေနေကြပြီ” ဟု ပြောသည်။
ထို့အပြင် ယနေ့ညနေပိုင်းက ဗျူဟာကုန်း အနီးပတ်ဝန်းကျင် ကောင်းကင်ယံတွင် ရဟတ်ယာဥ်များလည်းပျံသန်းနေကြောင်း သူကဆက်ပြောသည်။
ယမန်နေ့ ညက အဆိုပါ ဗျူဟာကုန်းတွင် စစ်ကောင်စီမှလက်နက်ကြီးငယ်ဖြင့် ပစ်ခတ်မှုများကြောင့် ဗျူဟာကုန်းအောက်ဘက်ရှိ နေအိမ်များတွင် ကျည်ဆံခွံအများအပြားကျခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
ဓါတ်ပုံ- ၂၀၁၉ ခုနစ်က ဝိုင်းမော်မြို့နယ်၊နန်ဆန်ယန်ကျေးရွာတွင် ရိုက်ကူးထားသော ဓါတ်ပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ