ဘဝတစ်လျှောက်လုံးတည်ဆောက်လာခဲ့သော ရာထူးများကို ပဓါနမထားဘဲ စွန့်လွတ်စွန့်စားပြီး CDM တွင်ပါဝင်နေသော ဝန်ထမ်းများအားလုံးကို လေးစားကြောင်း သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ကပြောသည်။
CDM တွင် ပါဝင်နေသော ဝန်ထမ်းများသည် စွန့်လွတ်အနစ်နာခံမှုများစွာဖြင့် ပေးဆပ်နေကြခြင်းဖြစ်သဖြင့် CDM ဝန်ထမ်းအားလုံးကို လေးစားသည်ဟု ဝန်ကြီးက The 74 Media ကို ပြောသည်။
“သူတို့ရဲ့ရပိုင်ခွင့်တွေ မိသားစုအရေးတွေ ရာထူးတွေကို ပဓာနမထားပဲနဲ့ CDM လုပ်နေတဲ့ဝန်ထမ်းတွေအများကြီးရှိတယ်၊ တစ်ချို့ဆိုရင် ဝန်ထမ်းအိမ်ယာကနေ မောင်းထုတ်ခံရတာတွေရှိတယ်၊ ဘယ်မှသွားစရာမရှိဘူး လမ်းဘေးမှာသွားအိပ်ရတာတွေရှိတယ်၊ အမျိုးတွေအိမ်မှာ လိုက်ကပ်နေရတာတွေအများကြီးရှိတယ်။ စွန့်လွှတ်စွန့်စားတဲ့သူတို့ရဲ့ ရပ်တည်ချက်ကိုလည်းအရမ်းလေးစားတယ်” ဟုဆိုသည်။
ထိုကဲ့သို့ စွန့်လွတ်အနစ်နာခံသော CDM ဝန်ထမ်းများကို ဆက်သွယ်နေပြီးစားဝတ်နေရေး နှင့် လုံခြုံရေးကို တာဝန်ယူဖြေရှင်းပေးရန်စီစဉ်နေသည်ဟု ဝန်ကြီးကဆိုသည်။
စစ်အာဏာစနစ်အောက်တွင် အမှုမထမ်းလိုသောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ CDM ဝန်ထမ်းများတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများအပြင် နိုင်ငံတကာတွင် PHD ဘွဲ့ဖြင့် ကျောင်းပြီးထားသူများလည်းပါဝင်သည်ဟု သိရသည်။
ထို့အပြင် CDM တွင် ပါဝင်ခြင်းမရှိသော ဝန်ထမ်းများသည်လည်း အခက်အခဲအမျိုးမျိုးကြောင့် ပါဝင်နိုင်ခြင်းမရှိသည့်အပေါ် သူ့အနေနဲ့ ကိုယ်ချင်းစာပြီး အပြစ်မမြင်ကြောင်း ဝန်ကြီးဒေါက်တာတူးခေါင်ကပြောသည်။
ဝန်ကြီးဒေါက်တာတူးခေါင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ၎င်း၏ လူမူကွန်ယက်စာမျက်နာတွင် ဖက်ဒရယ်စနစ်သည် ခွဲထွက်ခြင်းမဟုတ်ဘဲ ပေါင်းစည်းခြင်းသာဖြစ်ပြီး
အထက်မှ အောက်သို့ အာဏာစီးဆင်းခြင်းမျိုး မဟုတ်ဘဲ အောက်ခြေမှ အထက်သို့ အဆင့်ဆင့် အာဏာသက်ရောက်မှုဖြစ်ကြောင်းရေးသားထားသည်။
ဒေါက်တာတူးခေါင်သည် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံခွန်ခင်းတက္ကသိုလ်မှ ရပ်ရွာဒေသဖွံ့ဖြိုးရေး မဟာဘွဲ့နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ Doctor of Ministry ဘွဲ့ရရှိထားသူဖြစ်သည်။
သူသည် NLD အစိုးရသက်တမ်း တစ်လျှောက် ကချင်ပြည်နယ်အစိုးရ၏ လိုအပ်ချက်များအပြင် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်ကိုလည်း ထောက်ပြ၊ ဝေဖန်ခဲ့သူဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ