ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၏ ပူတာအိုခရီးစဥ်အတွင်း ရဝမ်ရိုးရာယဥ်ကျေးမှုအဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်းများကို ငွေပေးစည်းရုံးခဲ့ကြောင်းသိရသည်။
ဦးခက်ထိန်နန်မှ ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများအတွက် ၁၅သိန်းအပြင် ရဝမ်ရိုးရာယဥ်ကျေးမှုအဖွဲ့အစည်းကို ၁၀သိန်းပေးအပ်ခဲ့ကြောင်း ပူတာအိုဒေသခံတစ်ဦးကပြောသည်။
“အဲ့ဒီပိုက်ဆံကို မြို့နယ်အုပ်ချုပ်ရေး ထွေအုပ်ကနေ တစ်ဆင့်ပေးတာ။ ဘာသာရေးနဲ့ ယဥ်ကျေးမှုကနေတစ်ဆင့် ပြည်သူတွေကို စည်းရုံးတယ်လို့ပဲမြင်တယ်။ ။ အသင်းတော်တွေအနေနဲ့လည်း စစ်ကောင်စီက ပေးတဲ့ ပိုက်ဆံတွေကို လက်မခံသင့်ဘူး” ဟုဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ခရစ်ယာန် ဂိုဏ်းကနပေါင်းစုံနှင့် ဗုဒ္စဘာသာမှ ဂေါပကများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ဦးခက်ထိန်နန်သည် ဘာသာရေးအဖွဲ့အစည်းများ၊ ရဝမ်ရိုးရာယဥ်ကျေးမှုအဖွဲ့အစည်းနှင့် တွေ့ဆုံချိန်တွင် စစ်ကောင်စီသည် အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းဖြစ်ကြောင်းပြောသည်။
“အာဏာသိမ်းတာမဟုတ်ဘဲ အာဏာထိန်းတာလို့ပြောတယ်။ စိတ်ပူစရာမလိုဘူး။ ဆန္ဒပြတာတွေ ငြိမ်သွားရင် ရွေးကောက်ပွဲပြန်လုပ်ပေးမယ်လို့ပြောတယ်၊ သူများတွေဘာပြောပြော မယုံဖို့ပြောတယ်” ဟု နောက်ထပ် ပူတာအိုဒေသခံတစ်ဦးကပြောသည်။
ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဌ ဦးခက်ထိန်နန်၊ ခေါင်လန်ဖူးပြည်သူ့စစ်ခေါင်းဆောင် ရမ်ဒမ်တန် နှင့် USDP လွှတ်တော်ကိုယ်စားလှယ် ဦးရာဝမ်ဂျုံတို့သည် ဧပြီလ ၂၆ရက်နေ့က ပူတာအိုဒေသရှိ ဘာသာရေးအဖွဲ့အစည်းများ၊ ရဝမ်ရိုးရာယဥ်ကျေးမှုအဖွဲ့အစည်းများ၏ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ