ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ ပြည်သူများကို စေတနာဖြင့် ကုသပေးသည့် ဆရာဝန်တစ်ဦး ယနေ့နံနက် ၇နာရီကျော်က ကိုဗစ်၁၉ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ဒေါက်တာလှစိုးသည် လူနာများထံမှ ကိုဗစ်ကူးစက်၍ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့ဆေးခန်းမှာ လာပြသူတွေများတော့ ရှင်းရှင်းပြောရရင် သူ့လူနာတွေဆီကပဲကူးတာပေါ့နော်။ သူရော သူ့မိန်းမရော အကူးခံရပြီး နောက်ပိုင်းကျတော့ သူတို့လင်မယားနှစ်ယောက်စလုံး မိုးညှင်းဆေးရုံမှာ သွားတက်ကြတာ။ ကုသမှုခံယူနေတာ ၁၀ ရက်ကျော်လောက်တော့ရှိပြီပေါ့၊ သူကရောဂါအခံတွေလည်းရှိတော့ အောက်ဆီဂျင်လိုအပ်လို့ ဆက်တိုက်ပေးထားရတယ်။ ဆေးရုံပြောစကားအရဆိုတော့ အမောဖောက်ပြီး ဒီနေ့ပဲဆုံးသွားတယ်” ဟု ပြောသည်။
မိုးညှင်းမြို့တွင် ကိုဗစ် ၁၉ တတိယလှိုင်း စတင်ဖြစ်ပွားချိန်မှစ၍ ဩဂုတ် ၃ရက်နေ့အထိ သေဆုံးသူ ၁၁ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။