ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စစ်ကောင်စီတပ် ခ.လ.ရ (၅၈) အခြေစိုက်ထားသည့် မဒိန်ကျေးရွာမှ ပြည်သူအချို့သည် ကျေးရွာကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
မဒိန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကားဖြင့် ကျေးရွာအတွင်း မနေထိုင်ကြရန်နှင့် ပြောင်းရွေ့ကြရန် အသံချဲ့စက်ဖြင့် လိုက်လံပြောဆိုနေသဖြင့်ဒေသခံများ တိမ်းရှောင်သွားခြင်းဖြစ်သည်ဟု မဒိန်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အခုပစ္စည်းသိမ်းနေတာ ရွာက အကုန်ပြေးကြပြီ။ စစ်တပ်က လာပြောနေကြတာ။ ဒီနေ့ နေ့လယ်ကနေ စရွေ့ခိုင်းတာ။ ပြေးတာ တစ်ရွာလုံးနီးပါးပါပဲ။ တချို့ကတော့ နေခဲ့တဲ့သူလဲရှိပါတယ်”ဟု ပြောသည်။
မဒိန်ဒေသခံများအား ဩဂုတ်လ ၂၁ ရက်နေ့အထိ ကျေးရွာအတွင်း ပြန်လည် နေထိုင်ခြင်းမပြုရန် လိုက်လံ သတိပေးခဲ့ပြီး လက်ရှိအချိန်တွင် မဒိန်ဒေသခံအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ပြောင်းရွေ့နေထိုင်ရန် စီစဉ်နေကြကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီက ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန်ပြောဆိုမှုများကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
ပြည်သူများ ရွှေ့ပြောင်းနေမှုနှင့်ပတ်သက်၍ မဒိန်အုပ်ချုပ်ရေးမှူးကို The 74 Media က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါ။
ဩဂုတ်လဆန်းမှ စတင်ကာ ခ.လ.ရ (၅၈) စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် မဒိန်ကျေးရွာ၊ တန်ဘောင်ကျေးရွာနှင့် လဘန်ကျေးရွာများရှိ ပြည်သူအချို့ သေဆုံးခဲ့ရပြီး နေအိမ်များနှင့် အိမ်မွေးတိရစ္ဆာန်များလည်း သေကြေခဲ့သည်။
ဩဂုတ်လ ၁၃ ရက် ညနေ ငါးနာရီခွဲခန့်က ခ.လ.ရ (၅၈) စစ်တပ်ရှေ့မှ ဖြတ်သန်းသွားလာခဲ့သည့် ဝူယန်ကျေးရွာမှ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့သည်။