ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ တန်ဂျာကျေးရွာအနီးတွင် ယနေ့ညနေ တိုက်ပွဲပြင်းထန်သောကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ဒေသခံများကို စစ်ကောင်စီမှ လမ်းခုလတ်တွင် လှည့်ပြန်ခိုင်းကြောင်းသိရသည်။
တိုက်ပွဲပြင်းထန်သောကြောင့် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းခုလတ်တွင် တိမ်းရှောင်ခွင့်မပြုဘဲ ကျေးရွာသို့ပြန်ရန် ဖိအားပေးခဲ့ခြင်းဖြစ်သည်။
“တန်ဂျာကရွာသားတွေ လုံရှာယန်ဘက် ထွက်ပြေးတဲ့သူတွေကို လမ်းမှာ စစ်သားတွေကတားပြီး ပြန်ခေါက်ခိုင်းတယ်။ ကျွန်တော်တို့ကတော့ လွတ်သွားတယ်။ ကျွန်တော့ဦးလေးတို့ကတော့ ပြန်ခေါက်ပြန်ခိုင်းတဲ့အထဲမှာ ပါသွားတယ်။ သူတို့တွေဆို အပြင်တောင် မထွက်ရဲကြဘူး။ ဘာဆက်ဖြစ်မလဲဆိုပြီး စိုးရိမ်နေကြတာ” ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
တန်ဂျာဒေသခံအချို့မှာ ၎င်းတို့၏ နေအိမ် မီးရှို့ခံရမည်ကို စိုးရိမ်၍ နေရစ်ခဲ့သူများလည်းရှိကြောင်း သူက ပြောသည်။
လုံရှာယန်သို့ ထွက်ပြေးတိမ်းရှောင်လာသော တန်ဂျာဒေသခံများသည် ကက်သလစ်ဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်း နှင့် ဆွေမျိုးများ၏နေအိမ်တို့တွင် တိမ်းရှောင်နေကြသည်။
တန်ဂျာကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၅၀၀ ခန့်ရှိသည်ဟု သိရသည်။
မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင်ရှိသည့် တန်ဂျာကျေးရွာအနီးတွင် ယနေ့ညနေက စစ်ကောင်စီနှင့် KIA အဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။
ပုံ/ ထွက်ပြေးတိမ်းရှောင်လာသော တန်ဂျာဒေသခံအချို့ကို တွေ့ရစဥ်။
သင့်ထင်မြင်ချက်ရေးပေးပါ