စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း တပ်စွဲကာ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကပေါင်းကျကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှစပြီး ဝင်ရောက်တပ်စွဲ၍ ဒေသခံများ၏ နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးထိတဲ့ အိမ်လည်း ရှိတယ်။ မီးလည်းလောင်ထားတဲ့အိမ်လည်း ပါတယ်။ တချို့အိမ်တွေဆို အဖြိုခံထားရတယ်။ စစ်ကောင်စီက သူတို့ကိုယ်တိုင် ဓားတွေနဲ့ခုတ် တံခါးတွေဖျက်ပြီး ပြည်သူတွေ စုဆောင်းထားတဲ့ ပစ္စည်းတွေလည်း ယူသွားတာ” ဟုပြောသည်။
ကပေါင်းကျဒေသခံတို့သည် တောတွင်းတစ်နေရာတွင် စစ်ရှောင်နေရာမှ ယမန်နေ့က ကျေးရွာအတွင်းသို့ ပုန်းလျှိုဝင်ရောက်ခဲ့စဥ်တွင် စစ်ကောင်စီတပ်က ဖျက်စီးထားသော မီးရှို့ထားသော နေအိမ်များကို မြင်တွေ့ခဲ့ခြင်းဖြစ်သည်။
နောက်ထပ်ဒေသခံတစ်ဦးကမူ စစ်ကောင်စီတပ်က ဖျက်စီးသွားသော နေအိမ် ကိုးအိမ်ရှိပြီး နေအိမ် တစ်လုံးကိုမူ မီးရှို့ဖျက်ဆီးသွားကြောင်း ပြောသည်။
ယခုအချိန် တောတွင်းတစ်နေရာတွင် စစ်ရှောင်နေရသော်လည်း နောက်ပိုင်းတွင် ဖျက်စီးခံခဲ့ရသော နေအိမ်များကို ပြန်လည် ထူထောင်ချိန်တွင် အကူအညီရရှိရန် မျှော်လင့်နေကြောင်းလည်း သူက ပြောသည်။
တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာသည် အိမ်ခြေ ၇၀၀ ခန့်ရှိပြီး လူဦးရေ ၄၀၀၀ ဝန်းကျင်ရှိသည့် ကျေးရွာဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ