ရာသီတုတ်ကွေးအဖြစ်များသော မချမ်းဘော့မြို့နယ်၊ ဘင်ခူးကျေးရွာတွင် ကျေးလက်ဆေးပေးခန်းနှင့် ကျန်းမာရေးအစောင့်ရှောက်များမရှိသောကြောင့် ဒေသခံပြည်သူများ ခက်ခဲနေကြောင်းသိရသည်။
ခြုံနွယ်နှင့် ရေအိုင်များကြောင့် ခြင်အလွန်ပေါသဖြင့် မိုးရာသီရောက်ရှိလာပါက ငှက်ဖျားရောဂါနှင့် ရာသီတုတ်ကွေးအဖြစ်များပြီး ဆေးကုသမှုခံယူရန်ခက်ခဲနေမည်ကို စိုးရိမ်နေရသည်ဟု အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“ရွာကလူတွေလည်း ကျန်းမာရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေလည်း မရှိကြဘူး။ အခုချိန်ဆို လူငယ်တွေက ခရီးသွားကြ ဖျားနာတဲ့သူတွေက သူတို့ကိုယ်တိုင်မချမ်းဘော့ဆေးရုံသွားဖို့က အခက်အခဲအမျိုးမျိုးရှိတယ် လမ်းကလည်းဆိုး ခေါ်သွားတာမဟုတ်ရင်တော့ သွားမှာမဟုတ်ဘူး။ အဲ့လိုကြောင့် ဆေးရုံကို ရောက်သင့်တဲ့အချိန်မရောက်ဘဲ မဖြစ်သင့်တာတွေဖြစ်သွားမှာစိုးရိမ်တာ” ဟုပြောသည်။
ဘင်ခူးကျေးရွာသည် မချမ်းဘော့မြို့နယ်နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး လမ်းခရီးအခက်အခဲကြောင့် သုံးမိုင်ခန့်မှာ ခြေလျင်ခရီးဖြင့်သာသွားရပြီး ရှန်ကန်ခကျေးရွာရောက်ရှိမှသာ ကားငှားကာ မချမ်းဘော့မြို့သို့ ဆက်သွားရကြောင်း အသက်နှစ်ဆယ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ရွာအထိက ကားတွေ၊ ဆိုင်ကယ်တွေသွားလို့မရဘူး ရွာကလူတွေ နေမကောင်းဖြစ်တဲ့အချိန်တွေဆို လူငယ်တွေက ထမ်းပြီးတော့ဆေးရုံပို့ရတာ။ အခုဆိုရွာမှာလည်း လူငယ်တွေကမရှိတော့ ဖျားတဲ့အချိန်ဆို အရမ်းဒုက္ခရောက်ရတယ်။ ရှန်ကန်ခကျေးရွာထိတော့ ကားတွေဆိုင်ကယ်တွေ သွားလို့ရတယ်။ အဲ့ရွာကြားမှာ သုံးမိုင်ကျော်လောက်ပဲဝေးပေမဲ့ ရွံ့တွေကဒူးလောက်ထိရှိလို့ သွားလာရတာ အရမ်းခက်ခဲတယ်” ဟုပြောသည်။
အဆိုပါကျေးရွာအနီးရှိ အချို့ကျေးရွာများတွင် ကျေးလက်ဆေးပေးခန်းများရှိသော်လည်း ကျန်းမာရေးဝန်ထမ်း မရှိကြောင်း အဆိုပါကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်းထမ်းတစ်ဦးကပြောသည်။
“ရွာမှာအရင်ကတည်းက ဆေးပေးခန်းမရှိဘူး၊ ကျန်းမာရေးဝန်ထမ်းကလည်း ရွာကိုမလာချင်ကြဘူး။ ကိုဗစ်အရမ်းဖြစ်နေတဲ့ချိန်တောင် တစ်ခါပဲလာတယ်။ နောက်တခါပြန်လာမယ်လို့ပြောပြီး အခုချိန်ထိ မလာကြဘူး။ ရွာနဲ့နီးတဲ့ ရွာတွေမှာတော့ ဆေးပေးခန်းရှိတယ် ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ မရှိပြန်ဘူး” ဟုပြောသည်။
တစ်ခါတစ်ရံ အရပ်ဖက်အဖွဲ့အစည်းများက ကျန်းမာရေးစစ်ဆေးမှုများ လာရောက်ပြုလုပ်ပေးလေ့ ရှိသော်လည်း မလာသည်မှာကြာပြီဖြစ်ပြီး ကျေးရွာအတွင်းရှိ သက်ကြီးရွယ်အိုအများစုတွင် သွေးတိုးရောဂါဖြစ်ပွားနေသောကြောင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို လုပ်ဆောင်ပေးစေလိုကြောင်း သူကဆက်ပြောသည်။
“လူကြီးတွေ တစ်ရွာလုံးနီးပါး သွေးတိုးရောဂါဖြစ်ကြတယ်။ ရွာကလူတွေက ကျန်းမာရေးဆိုင်တဲ့ ဗဟုသုတပိုင်းမှာ အရမ်းအားနည်းတယ်။ ဆေးပေးခန်းတွေမဆောက်ပေးနိုင်ရင်တောင်မှ ကျန်းမာရေး အသိပညာပေးတာတွေကိုတော့ တစ်လမှာ တစ်ကြိမ်တော့လုပ်ပေးသင့်တယ်။ သူတို့ကအာဟာရကို ဘယ်လိုမျှတအောင်စားရမလဲဆိုတာတောင်မသိကြဘူး” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး သွေတိုးရောဂါကြောင့် လဲကျသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဘင်ခူးကျေးရွာပါဝင်သည့် အင်ဘူးဘော့ကျေးရွာအုပ်စုမှ အင်ဝိုင်းဘော့ကျေးရွာနှင့် ရှိန်ကန်ခကျေးရွာတို့တွင် ကျေးလက်ဆေးပေးခန်းများမရှိသော်လည်း ကားလမ်းရှိသောကြောင့် ကျန်းမာရေးအတွက် မချမ်းဘော့မြို့သို့ သွားရောက်ဆေးကုသမှုခံယူရန် အခက်အခဲမရှိကြောင်း ဒေသခံများထံက သိရသည်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများပင်မရရှိသည့် ဘင်ခူးကျေးရွာသည် ကျေးရွာဖွံ့ဖြိုးတိုးတက်မှု လွန်စွာနှောက်နှေးနေသောကြောင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများက အမြန်ဆုံးလုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံပြည်သူများက ပြောသည်။
ဘင်ခူးကျေးရွာသည် မချမ်းဘော့မြို့နယ် အင်ဘူဘော့ကျေးရွာအုပ်စုတွင်ပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၅၀၀ ခန့်နေထိုင်ပြီး အများစုမှာ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးရေးကိုလုပ်ကိုင်ကြသည်။
သတင်း – Dureng
ပုံ – ဘင်ခူးကျေးရွာ (ပေးပို့)