တနိုင်းမြို့နယ်၊ မကောကျေးရွာအုပ်စုတွင် ဝက်နာကျရောဂါဖြစ်ပွားပြီး အများအပြားသေဆုံးနေသောကြောင့် ဒေသခံပြည်သူများက ဝက်ပြန်လည်မွေးမြူရန် စိုးရိမ်နေကြကြောင်း သိရသည်။
ဝက်မွေးမြူရေးကို အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ကြသော တနိုင်းချောင်းအထက်ရှိ ကျေးရွာများတွင် ဝက်နာကျရောဂါဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သောကြောင့် အိမ်တိုင်းရှိဝက်များ သေဆုံးနေသည်ဟု ဆယ်လအတွင်း ဝက် ၂၂ ကောင်ဆုံးရုံးခဲ့ရသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“အများကြီးသေသွားတယ်။ ရွာတိုင်းဖြစ်တယ် ဖြစ်တာနည်းနည်းကြာပြီဆိုပေမဲ့လည်း အခုထိကို ပျောက်တယ်ဆိုတာမရှိဘူး။ ဟိုအိမ်မှာဖြစ်လိုက် ဒီအိမ်မှာဖြစ်လိုက်နဲ့ အခုထိပဲ။ ဘယ်အိမ်၊ ဘယ်အိမ်ဆိုတာ စာရင်းပြုစုရင်တောင် နည်းတာမဟုတ်ဘူး” ဟုသူကပြောသည်။
နှစ်စဉ် နွေရာသီတွင်ဖြစ်ပွားလေ့ရှိပြီး တစ်လခန့်သာ ကြာမြင့်လေ့ရှိသော ဝက်နာကျရောဂါမှာ ယခုတစ်နှစ်ခန့် ကြာမြင့်လာသည်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း သူကပြောသည်။
ရောဂါကြောင့် ဒေသအတွင်း နှစ်စဉ်ဝက်ပေါက်ရောင်းချသူရှားပါးနေပြီး ဝက်ပေါက်ဈေးနှုန်းမှာလည်း နှစ်ဆခန့်မြင့်တက်လာသဖြင့် ဝယ်ယူမွေးမြူရန် အခက်အခဲဖြစ်နေကြောင်း သူကဆက်ပြောသည်။
“ရွာသားတွေက ကြောက်နေကြတယ်လေ ဝက်မွေးချင်တဲ့သူလည်း မမွေးနိုင်နဲ့။ ပြီးတော့ ဝက်ပေါက်ကလေး သေကုန်တဲ့အခါတော့ ဝက်ပေါက်ဈေးက မိုးပေါ်မှာရောက်သွားရော တစ်သိန်းအထက်မှာပဲ ရှိသွားတာ။ အရေးထဲမှ ဈေးကြီးကြီး တစ်သိန်းကျော်ပေးပြီး ဝယ်ထားတာ သေသွားရင် သွားပြီလေ” ဟုပြောသည်။
နေမကောင်းဖြစ်နေသော ဝက်များကို ကိုယ်တိုင်ဆေးထိုး၊ ဆေးပေးခြင်းနှင့် တောထဲမှ ဝက်ဆေးဖက်ဝင်အပင်များဖြင့် ရှာဖွေကုသပေးသော်လည်း ပျောက်ကင်းခြင်းမရှိဘဲ သေဆုံးသွားကြောင်း မကောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဝါးရှာလကာရည်(သို့) ဝါးပေါင်းခံရည်(Kawa Sau) ကျွေးရင် ပျောက်တယ်လို့ပြောတယ်။ ဒါပေမဲ့ ကျွန်မဝက်တွေတော့ မပျောက်ဘူး သူများဝက်တွေတော့ ပျောက်တယ်။ အရင်တစ်ခေါက် ဖြစ်တုန်းကတော့ အဖျားကျဆေးတွေ ထိုးပေးတယ်။ ဘေးအိမ်တွေမှာဖြစ်တာလည်း ဆေးကုယူလို့မရဘူး နည်းနည်းပြင်းတယ် ထင်တယ်” ဟုသူကပြောသည်။
မကောကျေးရွာအုပ်စုအတွင်း ဖြစ်ပွားနေသော ဝက်နာကျရောဂါလက္ခာမှာ ကိုယ်ပူခြင်း၊ ဝမ်းချုပ်ခြင်း၊ အပူများကာ မျက်ချေးအထွက်များခြင်း၊ မျက်လုံးနီမြန်းလာခြင်း၊ အစာမစားပဲ လှဲနေခြင်း စသည်တို့ဖြစ်ပြီး ကူးစက်ခံရပြီး သုံးရက်အတွင်း သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါကျေးရွာတွင်ဖြစ်ပွားနေသော ရောဂါလက္ခဏာများကိုမူ ခွဲစိတ်ကြည့်မှသာ ရောဂါကို သိရှိနိုင်မည်ဖြစ်ပြီး သေဆုံးသွားသည့်ဝက်များကိုလည်း စနစ်တကျမြုပ်နှံရမည်ဖြစ်ကြောင်း တနိုင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ဒီဘက်က ကာကွယ်ဆေးမထိုးဘူး။ အန်တာတို့ စအိုကနေသွေးထွက်တာတို့ ဝက်တွေဝမ်းလျှောရင်လည်း ရမ်းသမ်းပြီးတော့ပဲကု၊ သေခါနီးမှဆရာဝန်ခေါ်တာတွေလည်း ရှိတာပေါ့။ သေသွားရင်လည်း ဒီတိုင်းအိမ်မှာပဲ ပေါ်စားလိုက်တာ ကလီစာတွေကိုလည်း သေသေချာချာ မြေမမြုပ်ပစ်ဘူး။ ပစ်ချင်သလိုပစ် မီးမရှို့ပစ်ဘူး။ အဲ့လိုဆိုတော့ ပိုဆိုးသွားတာပေါ့” ဟုပြောသည်။
ယခုဖြစ်ပွားနေသော ဝက်နာကျရောဂါသည် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ရာသီဥတု အပြောင်းအလဲကြောင့်ဖြစ်သည့် သာမန်ဖျားနာခြင်း (Disease) သာဖြစ်ကြောင်းနှင့် ဆေးကုသလျှင် ပျောက်ကင်းနိုင်ကြောင်း သူကဆက်ပြောသည်။
“ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးကုမယ်။ အဖျားအရမ်းများသွားတာတို့ဆိုရင် သုံးရက်ဆက်တိုက် ကုရတာတို့ ရှိတာပေါ့။ ဖျားနာကနေကူးတာကျတော့ အဲ့လောက်ထိမမြန်ဘူး ခုနှစ်ရက်ကနေ ၁၄ ရက်အတွင်း ဖျားတတ်တာပေါ့။ ပဋိဇီဝဆေး ခြံဖျန်းဆေးရှိတယ် အဲ့ဒီလိုကုသလို့ရတယ်” ဟု သူက ပြောသည်။
ဝက်ကို တစ်ပိုင်တစ်နိုင်မွေးမြူရေးနှင့် စီးပွားဖြစ်မွေးမြူရေးများ ပြုလုပ်ကြသော်လည်း အစာခြောက်ကျွေးသည့် စနစ်မရှိဘဲ ထမင်းကျန်၊ ဟင်းကျန်များကျွေးကာ မွေးမြူကြသောကြောင့် ကာကွယ်ဆေးထိုးခြင်း၊ အားဆေးတိုက်ကျွေးခြင်းနှင့် ဖျားနာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားကာ ဆေးကုသမှုရယူရန် တိုက်တွန်းကြောင်း သူကပြောသည်။
ရောဂါကြောင့် ဝက်သေဆုံးမှုအလွန်များသဖြင့် ဝက်သားဈေးလည်း တစ်ဆခန့်မြင့်တက်လာပြီး ဆယ်ပိဿာခန့်အလေးချိန်ရှိသည့် ဝက်တစ်ကောင်လျှင် မြန်မာကျပ်ငွေ လေးသိန်းခန့်ပေးရကြောင်း ဒေသခံများထံက သိရသည်။
တနိုင်းမြို့နယ်ရှိ လမုန်ကျေးရွာ၊ မကောကျေးရွာအုပ်စုနှင့် လီဒိုလမ်းတစ်လျှောက်ရှိကျေးရွာ အများစုတွင် နှစ်စဉ် ဧပြီလမှ မေလအတွင်း ဝက်နာကျသည့်ရောဂါ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
သတင်း – Pan Soon
ဓာတ်ပုံ – ပေးပို့