ပုံ – ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။ (ဓါတ်ပုံ – PIYARAT CHONCHAROEN)

 

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ထွက်ပြေးဝင်ရောက်လာသူများကို ကူညီရန်နှင့် နိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပေးရန် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးက ထိုင်းအစိုးရကိုတောင်းဆိုလိုက်ကြောင်း Bangkok Post သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။

နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူများကို အရေးယူသွားမည်ဟု ထိုင်းနိုင်ငံဝန်ကြီးချုပ် Srettha Thavisin က ပြောကြားခဲ့ပြီးနောက်ပိုင်း အတိုက်အခံပါတီ လွှတ်တော်အမတ် Kannavee Suebsang က အစိုးရကို ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“မြောက်မြားစွာသောမြန်မာနိုင်ငံသားတွေက အိမ်နီးချင်းထိုင်းနိုင်ငံကို ထွက်ပြေးလာတာက တရားမဝင် ဝင်ရောက်လာတာ မဟုတ်ဘဲ စစ်မြေပြင်မှာ သေဖို့အတွက် ဒါမှမဟုတ် သူတစ်ပါးကို သတ်ဖို့အတွက် အတင်းအကြပ် ဖိအားပေးခံထားရတဲ့ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကနေ ထွက်ပြေးလွတ်မြောက်လာကြတာ ဖြစ်တယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

ပုံ – Kannavee Suebsang (ဓါတ်ပုံ – Bangkok Post)

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုရှောင်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းရှိလူငယ်အများစုမှာအိမ်နီးချင်း နိုင်ငံများသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာကြသူများရှိသကဲ့သို့ တရားမဝင်လမ်းကြောင်းမှ ထွက်ခွာသူများလည်း ရှိသည်။

စစ်ကောင်စီက နှစ်နိုင်ငံသဘောတူ (MOU) စာချုပ်ဖြင့် လုပ်သားတင်ပို့မှုကို ယာယီရပ်ဆိုင်းထားပြီး ထိုသို့လုပ်ဆောင်ခြင်းမှာ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးရေးအခြေအနေနှင့် မည်သို့သောဆက်စပ်မှုရှိနေမည်ကို သေချာမသိနိုင်သော်လည်း ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်းဝင်ရောက်လာသူများကို မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပါက စိုးရိမ်စရာကိစ္စရပ်များဖြစ်လာနိုင်သည်ဟုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလုပ်အကိုင်အတွက် ယခင်ကနယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ နေ့စဉ်ဝင်ရောက်နေသည့် မြန်မာနိုင်ငံသား ၈၀၀ ခန့် ရှိကြောင်း ထည့်သွင်းရေးသားထားသည်ကို တွေ့ရသည်။ ထိုသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှု နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရေးဆွဲပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အာဏာတည်ကြောင်း သတ်မှတ်ခဲ့ကာ လာမည့်ဧပြီလမှစတင်ကာ အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ