မြေစာသွန်ချိန် ကျောက်ခဲမှန်သဖြင့် ယနေ့ နံနက် ၁၀ နာရီခန်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာတွင် ရေမဆေးသမား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စိန်စိန်ကုမ္ပဏီလုပ်ကွက်တွင် မြေစာကားသွန်ချိန် အသင်းတော်အလှူငွေအတွက် ရေမဆေးရှာနေသူ ဦးခေါင်းတွင် ကျောက်ခဲမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ကျောက်ရှာသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တော်တော်လေးကိုမြင့်လို့ပေါ့ သေသွားတဲ့တစ်ယောက်ကို မကယ်နိုင်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူကခဲထိပြီးရေထဲကျသွားတာဆိုတော့ သူ့ကိုရေကနေထုတ်ပြီး အပေါ်ပြန်တင်ရတာကို အဲ့မှာလည်း ကြာသွားလို့ အောက်ဆီဂျင်ပြတ်ပြီးသေသွားတာ” ဟု ပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၀ နှစ်ခန့်ရှိသည့် အင်ဖန်းဆိုင်းအောင်ဆိုသူဖြစ်ကြောင်း သိရသည်။

အဆိုပါမြေစာပုံမှာ အမြင့်ပေ ၂၀၀ ကျော်ခန့်ရှိပြီး ကျောက်စိမ်းကုမ္ပဏီငါးခုခန့်ပေါင်းကာ မြေစာသွန်သည့်နေရာဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာကသူတွေဆို အများအားဖြင့် သွားမရှာကြဘူး မြင့်လွန်းပြီး အန္တရာယ်ရှိတယ်ဆိုပြီး။ အိမ်နီးချင်းတစ်ယောက်လည်း ပြီးခဲ့တဲ့လက အဲ့လိုဖြစ်ပြီး ခြေထောက်ထိထားလို့ အခုထိအလုပ်မလုပ်နိုင်သေးဘူး နားနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အဆိုပါမြေစာပုံတွင် ကျောက်ရှာဖွေသည့် ရေမဆေးသမား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ