တောင်ကျချောင်းရေကြီးခဲ့သောကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာနှင့် ဇန်နောင်ကျေးရွာမှ ဒေသခံပြည်သူများ အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

ရေဘေးဒဏ်သင့်ပြည်သူများ၏ နေအိမ်၊ စပါးကျီများနှင့် အစားအသောက်များ ရေစီးနှင့်မျောပါသွားသောကြောင့် လတ်တလောစားဝတ်နေရေးအတွက် အကူအညီများလိုအပ်နေသည်ဟု ချီဖွေဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရေကြီးတာကစောစောမသိလိုက်လို့ ပစ္စည်းတွေပဲသယ်ယူသွားတာ။ စပါးသိမ်းထားတာတွေ၊ သိုလှောင်ထားတဲ့ စပါးကျီက အစားအသောက်တွေက ရေထဲအားလုံးပါသွားတယ်။ ကျွန်တော်တို့လည်း အခုအဲ့ဘက်ဘာမှမရှိလို့ အဝတ်အစားတွေ အစားအသောက်တွေသွားပို့တာရှိတယ်” ဟုပြောသည်။

နေအိမ်ပျက်စီးဆုံးရုံးခဲ့ရသည့် မျောမောကျေးရွာနှင့် ဇန်နောင်ကျေးရွာတို့မှ အိမ်ထောင်စု ၃၀ ကျော်မှာ လက်ရှိ မြေနေရာအသစ်တွင် မိုကာတဲများ၊ ဝါးတဲများထိုးကာနေထိုင်နေကြကြောင်း သိရသည်။

ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ချောင်းရေလမ်းကြောင်းပြောင်းသွားပြီး ကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းနေသည်ဟု ဇန်နောင်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“ရေကအရင်ကသွားနေတဲ့နေရာကမသွားဘဲ နေအိမ်အဟောင်းတွေအတိုင်းသွားနေတာဟုတ်တယ်။ တချို့က မီးဖိုချောင်တွေကျန်သေးတယ်။ တချို့အိမ်ကနည်းနည်းစောင်းသွားတာတွေပါတယ်။ အရင်ကတော့ အဲ့မှာတံတားလည်းရှိသေးတယ် တံတားအောက်ကရေသွားတယ်၊ အခုက အဲ့ကမသွားဘဲ ရွာထဲကနေသွားနေတယ် အဲ့ဒါကြောင့် ပိုခက်ခဲနေတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် မျောမောကျေးရွာမှ နေအိမ်ပျက်စီးခဲ့ရသည့် အိမ်ထောင်စုများသာမက အခြားနေအိမ်များမှာလည်း နေရာပြောင်းရွှေကာ ကျေးရွာအသစ်အဖြစ်ပြန်လည်ထူထောင်ရန် လုပ်ဆောင်နေသောကြောင့် အခြေခံစားသောက်ကုန်နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု သူကဆက်ပြောသည်။

“အခုကအဲ့မှာဘယ်သူမှမနေတော့ဘူး။ အထက်ဘက်ကိုနေရာပြန်ရွှေ့ပြီး ရွာတည်ဖို့လုပ်နေတယ်။ အကူအညီပေးဖို့ပစ္စည်းတွေ သယ်ယူသွားရင်လည်း ဟိုဘက်ကို ပြန်အကူညီတောင်းရတယ်။ လာလှူထားတာကိုတောင် ဘယ်လိုရောက်အောင်သယ်ယူရမလဲဆိုတာ အခက်အခဲတစ်ခုဖြစ်နေတယ်” ဟုပြောသည်။

ချီဖွေမြို့နယ်၊ ဇန်နောင်ကျေးရွာနှင့် မျော်မောပါကျေးရွာတို့တွင် ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကြီးခဲ့သောကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး အသက် ၅၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ငန်းခွင်တစ်ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကာ လူနှစ်ဆယ်ကျော်သေဆုံးသွားကြောင်း သိရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ