စစ်ရေးတင်းမာနေသည့် ဗန်းမော်မြို့နယ်နှင့် မံစီမြို့နယ်အစပ်ရှိ ကမ္ဘာနီကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အများအပြားထိမှန်ပျက်စီးခဲ့ပြီး ဒေသခံကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုအပြင် KIA ပူးပေါင်းတပ်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လေးရက်အတွင်း နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့သည့်အပြင် အမျိုးသား သုံးဦးနှင့် အမျိုးသမီးခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“တစ်ယောက်ကလက်တစ်ဖက်ပြတ်သွားတယ်၊ တစ်ယောက်က ခြေတစ်ဖက်ပြတ်သွားတယ်။ ကျောရိုး နှစ်ယောက်ထိတယ်၊ လက်မောင်းကနှစ်ယောက်ထိတယ်၊ ညာဘက်လက်ဖျံမှာထိတာက နှစ်ယောက်။ ကျွန်တော်တို့ရွာမှာကတော့ အိမ်နှစ်လုံးမီးလောင်သွားတယ်။ သွပ်မိုးတွေကတော့ တော်တော်များများ ပေါက်ကုန်ပြီ။ နောက် အိမ်ပေါ်မှာလက်နက်ကြီးကျတဲ့ဟာတွေလည်းကျထားတာပေါ့” ဟုဆိုသည်။

ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးမှခြောက်ဦးမှာ ဗန်းမော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ဒေသခံများမှာ ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ဗန်းမော်မြို့သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ကမ္ဘာနီကတော့ မနေ့က မနက်ပိုင်းကတော့ ၃၀၀ ကျော်လောက်ဝင်လာတယ်။ တစ်နေ့က ညပိုင်းကြတော့ ၂၀၀ ဝန်းကျင်လောက်ဝင်လာတယ်။ ၅၀၀ ကျော်လောက်တော့ ဗန်းမော်မြို့ထဲရောက်ထားတာပေါ့။ ဗန်းမော်မြို့ဘုန်းကြီးကျောင်းတွေကတော့ ပြည့်သလောက်ပဲဗျ။ တစ်ကျောင်းမှမလစ်ဟင်းဘူးဖြစ်နေတယ်” ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ကျေးရွာရှိနေအိမ်နှစ်လုံးမီးလောက်ပျက်စီးခဲ့ပြီး ဒေသခံများ ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့်အတွက် ပျက်စီးမှုအခြေနေအသေးစိတ်ကို မသိရှိရသေးပါ။

ကမ္ဘာနီကျေးရွာတွင် စစ်ကောင်စီတပ်စခန်းများမရှိသော်လည်း ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

သတင်း – Thu Ta
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ