မြစ်ကြီးနားမြို့တွင် စက်သုံးဆီအဝင်မရှိတော့သဖြင့် လက်ကျန်ဆီများကို အကန့်သတ်ဖြင့် ရောင်းချပေးနေပြီး အချို့ဆိုင်များတွင် လုံးဝရောင်းချနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

 
ယနေ့နံနက်မှစတင်ပြီး စက်သုံးဆီအရောင်းဆိုင်အချို့တွင်သာ အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်နှင့် ကားတစ်ဆီးလျှင် သုံးသောင်းကျပ်ခွဲတမ်းဖြင့်ရောင်းချပေးနေသည်ဟု ကိုယ်တိုင်ဝယ်ယူခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
 
“ဓာတ်ဆီဝယ်ရတာ အခုနည်းနည်းခက်နေတယ်။ တန်းစီရတယ်။ ဆိုင်ကယ်တစ်စီးဆိုရင်ငါးထောင်ဖိုးပဲ ရောင်းပေးတယ်။ ဆိုင်တိုင်းမရောင်းဘူး၊ အခုကတကယ်ရောင်းတဲ့ဆိုင်က ဒီမနက်ဆိုရင် သုံးဆိုင်လောက်ပဲတွေ့တယ်” ဟုဆိုသည်။
စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယမန်နေ့အထိ စက်သုံးဆီလိုသလောက်ဝယ်ယူရရှိနေသော်လည်း ယနေ့နံနက်မှစတင်ကာ ဆိုင်အများစုတွင် တစ်လီတာ ၄၆၀၀ နှုန်းဖြင့် ရောင်းချနေသည်။
 
စက်သုံးဆီများကို ယခင်က ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှ ကချင်ပြည်နယ်အတွင်းသို့ ဝယ်ယူတင်သွင်းသော်လည်း မေလနှောင်းပိုင်းမှစတင်ကာ ကန်ပိုင်တည်နယ်စပ်မှ ပြောင်းလဲတင်သွင်းရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်းသိရသည်။
 
အဆိုပါလမ်းကြောင်းမှာ လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လမ်းပိတ်နေသဖြင့် စက်သုံးဆီဝင်ရောက်မှုမရှိခြင်းဖြစ်ကြောင်း စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
 
“အခါတိုင်းက သီလဝါကနေခွဲတမ်းရတယ် တရားဝင်ဆိုင်တွေက။ ငါးလပိုင်းနောက်ဆုံးအပတ်ကစပြီး သီလဝါကနေပြီးမှ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးကို လုံးဝမပေးတော့ဘူး။ ကန်ပိုင်တည်ဘက်ကနေသွင်းခိုင်း တာပေါ့နော်။ တရုတ်ဆီပေါ့နော်။ စသွင်းတဲ့သူတွေကလည်း ဒီဇယ်ဦးစားပေးပြီးသွင်းကြတာပေါ့နော်။ နှစ်ကြိမ် လောက်တော့ရောက်ပြီ။ တိုက်ပွဲတွေဖြစ် လမ်းတွေပိတ်တော့ ကားတွေကမဝင်နိုင်ဘူးဖြစ်နေတာ” ဟုဆိုသည်။
 
ထို့အပြင် စက်သုံးဆီအရောင်းဆိုင်များကို စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှတာဝန်ရှိသူများက ယမန်နေ့က စစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် ရောင်းချရန်ဆီမရှိသော်လည်း ဆိုင်များဖွင့်ထားရကြောင်း ဆီဆိုင်ပိုင်ရှင်များထံမှ သိရသည်။
 
လက်ရှိအချိန် မြစ်ကြီးနားရှိ စက်သုံးဆီဆိုင်အချို့တွင် “၉၂ ကုန်နေသည်” ဟုစာသားများချိတ်ဆွဲထားသည်ကို တွေ့ရသည်။
 
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း စက်သုံးဆီဝင်ရောက်မှုမရှိခြင်းကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် ဆီပြတ်လတ်မှုဖြစ်ပြီး စက်သုံးဆီအရောင်းဆိုင်အများစုပိတ်ခဲ့ရသည်။
 
သတင်း – Thu Ta
ပုံ – ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြိုရှိ စက်သုံးဆီဆိုင်အချိုကိုမြင်ရပုံ
သင့်ထင်မြင်ချက်ရေးပေးပါ