စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် မိုးမောက်နှင့် မံစီမြို့တွင် ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပြီး တိုက်ပွဲများလျော့နည်းသွားသော်လည်း ဒေသခံများကို အကန့်သတ်ဖြင့်သာ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်းသိရသည်။

မိုးမောက်မြို့တွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည့် မေလ ၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် မိုးမောက်မြို့ မြို့ပေါ်နေအိမ်တစ်ဝက်ခန့် ပျက်စီးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

 

“မိုးမောက်မြို့ဈေးပိုင်းနဲ့ မံပုံပိုင်းပေါ့ လက်နက်ကြီးထိပြီးမှ ပျက်စီးတာပိုများတာပေါ့။ မြို့တစ်ဝက်နီးပါးလောက်တော့ပျက်စီးသွားပြီဟုတ်တယ်။ အိမ်တွေကတော့ လက်နက်ကြီးမထိ၊ လေယာဉ်ဗုံးမထိဘူးဆိုရင်လည်း အကုန်လုံးက ဖောက်ထွင်းထားတဲ့ အိမ်တွေ ဖြစ်ကုန်ပြီ။ မဖောက်တဲ့အိမ်ကိုမရှိဘူး” ဟုဆိုသည်။

အလားတူ မံစီမြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မေလ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်၏လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်အလုံး ၂၀ ကျော် မီးလောင်ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မံစီမြို့အတွင်း ဝင်ရောက်ခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

 

“အိမ်မီးလောင်တာကတော့ မြို့ထဲမှာတော့ အိမ် ၂၀ လောက်ရှိတယ်။ လက်နက်ကြီးထိတာကတော့ အိမ်အမိုးပွင့်သွားတာတို့ မီးဖိုဆောင်တို့ဘာတို့ထိတာပေါ့ အဲဒီလိုတွေကများတယ်။ တစ်ချို့ဆို လက်နက်ကြီး ထိပြီးမှ မွှလှန်ကြဲပြီးမှ ဘာမှလုပ်လို့မရတဲ့ ပျက်စီးသွားတဲ့အပိုင်းတွေလည်း ရှိတယ်ဗျ” ဟုဆိုသည်။

 

လက်ရှိအချိန်တွင် မံစီမြို့ကို KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားဆဲဖြစ်ကာ မြို့အတွင်းဝင်ရောက်လိုသည့် ဒေသခံများကို အချိန်အကန့်သတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြုထားသော်လည်း နေရပ်ပြန်လည်နေထိုင်ခွင့်မပြုထားကြောင်း သူကဆက်ပြောသည်။

 

“သူတို့က အခြေနေလေးကြည့်ကြည့်ပြီး ရွာသားတွေကိုဝင်ပြီးမှ ပစ္စည်းယူခိုင်းတာတို့ အိမ်သွားကြည့်ခိုင်းတာတို့ တော့ရှိတယ်။ ဒါပေမဲ့နေလို့မရဘူး။ တစ်နာရီ၊ နှစ်နာရီလောက်ဝင်ပြီးရင် ပြန်ထွက်ခိုင်းတာ။ မြို့ထဲဝင်ရင် ဖုန်းတွေဘာတွေယူခွင့်မပေးဘူး ဓာတ်ပုံမရိုက်ခိုင်းဘူးပေါ့နော့်။ အပြင်စည်းကနေ စောင့်တဲ့နေရာမှာ ဖုန်းတွေအကုန်ထားခဲ့ရတယ်” ဟုဆိုသည်။

 

ထို့အပြင် ဗန်းမော်မြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် မိုးမောက်ဒေသခံများအနေဖြင့်လည်း မိမိနေအိမ်များကို သွားရောက်ကြည့်ရှုခြင်းများရှိသော်လည်း ဝင်ရောက်နေထိုင်ခြင်းမရှိသေးကြောင်း အထက်ပါမိုးမောက်ဒေသခံက ဆိုသည်။

 

ဗန်းမော်မှ မိုးမောက်မြို့သို့သွားသည့် လမ်းမကြီးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်ထားသောကြောင့် ဗန်းမော်မြို့တစ်ဖက်ကမ်း စင့်ကင်ကျေးရွာသို့ စက်လှေဖြင့်ကူးပြီးနောက် ထိုမှတစ်ဆင့် ကုန်းလော – မြို့သစ် စသည့် ကျေးရွာများကိုဖြတ်ကာ မိုးမောက်မြို့သို့ ပိုဝေးသည့်လမ်းမှ ဝင်ရောက်နေရသည်။

 

မိုးမောက်နှင့် မံစီမြို့များကို ကချင်လွတ်မြောက်ရေးတပ် KIA ပူးအပေါင်းအဖွဲ့က မေလ ၇ ရက်နေ့ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မြို့ပေါ်စခန်းများကိုသိမ်းပိုက်နိုင်ခဲ့သော်လည်း မိုးမောက်မြို့အနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခ.မ.ရ ၄၃၇ နှင့် မံစီမြို့အနီးရှိ ခ.မ.ရ (၃၁၉)၊ ခ.မ.ရ (၆၀၁) တို့ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးပါ။

 

သတင်း – Thu Ta

ဓါတ်ပုံ – လူမှုကွန်ရပ်ပေါ်တွင်ပျံ့နှံ့နေသည့် ရုပ်သံမှ မံစီမြို့တွင်းပုံရိပ်အချို့

သင့်ထင်မြင်ချက်ရေးပေးပါ