စစ်ကောင်စီပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်သွားသည့် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာ ဒေသခံပြည်သူများ နေရပ်အမြန်ပြန်လာရန် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။

ကျန်ရွာအတွင်းကျန်ရှိနေသူများမှတစ်ဦးကို စစ်ကောင်စီပူးပေါင်းအဖွဲ့က ဖမ်းဆီးပြီး ဒေသခံပြည်သူများအား နေရပ်ပြန်မလာပါက လိုက်လံပစ်ခတ်မည်ဟု အမှာစကားပါးလိုက်သည်ဟု ရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီရွာကလူတွေဘယ်ရောက်သွားပြီလဲ၊ အမြန်ပြန်ခိုင်းပါ။ မပြန်ရင်အားလုံးကိုလိုက်ပစ်မယ်လို့ ပြောလိုက်တယ်တဲ့။ ပြောရမယ်ဆိုရင် ဓားစားခံလုပ်ချင်တာပေါ့။ သူတို့ပဲနေရင်မလုံခြုံလို့ထင်တယ်။ ကျွန်တော်တို့လည်း ဆက်ပြီးထွက်ပြေးရမလား၊ ဒီမှာပဲနေရဦးမလား မပြောတတ်ဘူးဖြစ်နေတယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယမန်နေ့ နံနက် ၁၀ နာရီခန့်မှစတင်ကာ ကျေးရွာအတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မွန်းလွှဲ ၁ နာရီခန့်တွင် KBC နှစ်ခြင်းအသင်းတော်ဘုရားကျောင်းအတွင်းရှိ အသင်းတော်ရုံးခန်းကို သော့ဖျက်ကာဝင်ရောက်နေတပ်စွဲနေထိုင်နေခြင်းဖြစ်သည်။

နန့်မွန်းမြို့အတွင်းရှိ ဘုရားကျောင်းသုံးကျောင်း၏ သော့များကိုဖျက်ဆီးကာ ဝင်ရောက်နေရာယူထားပြီး ကက်သလစ်ဘုရားကျောင်းဝင်းအတွင်းဝင်ရောက်လာချိန်တွင်လည်း ထွက်ပြေးသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့သည်ဟု ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ဆိုင်ကယ်သုံးစီးယူသွားတယ်။ ဘုရားကျောင်းဝန်းထဲမှာ အစောင့်တွေရှိတယ်လေ။ ကက်သလစ်ဘုရားကျောင်းကအစောင့်တွေ သူတို့အဲဒီလိုလုပ်လာတော့ ကြောက်ပြီးထွက်ပြေးတဲ့အခါ သေနတ်နဲ့လိုက်ပစ်တယ်တဲ့။ ထိတော့မထိဘူး။ အခုမနက်က ၁၀ နာရီဆိုအကုန်လုံးလာ မလာလို့ရှိရင် အားလုံးကိုသူတို့ပုန်းနေတဲ့နေရာ လက်နက်ကြီးနဲ့ထုမယ်ဆိုပြီးခြိမ်းခြောက်တာ” ဟုပြောသည်။

အဆိုပါပူးပေါင်းအဖွဲ့မှာ လက်ရှိအချိန်ထိတပ်စွဲထားဆဲဖြစ်ပြီး ဘုရားကျောင်းအတွင်းရှိ အသံချဲ့စက်များဖွင့်ပြီး သီချင်းသီဆိုကာ နေထိုင်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“တချို့ကမရှောင်သေးဘူး။ အခုထိတော့ ကျွန်တော်တို့ဘုရားကျောင်းက စက်တွေ၊ အသံချဲ့စက်တွေ ဖွင့်ပြီးသီချင်းဆိုပြီးပျော်နေကြတယ်။ သူတို့က ဘုရားကျောင်းတံခါးတွေကိုရိုက်ခွဲလိုက်ပြီး နေနေကြတယ်။ သူတို့(စစ်ကောင်စီ)ဝင်လာတဲ့အချိန်တွေ့လိုက်တာက ၅၀ လောက်ရှိမယ်ထင်တယ်” ဟုပြောသည်။

စစ်ကောင်စီပူးပေါင်းအဖွဲ့အင်အားထပ်မံတိုးလာခြင်းရှိ၊ မရှိကို မသိရသေးပါ။

လက်ရှိအချိန်တွင် နန့်မွန်းဒေသခံ လူဦးရေ ၄၀၀ ကျော်ခန့်က စစ်ကောင်စီပူးပေါင်းတပ်နှင့် ဝေးသည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ ကျေးရွာများမှ ဝှေလုံ၊ ညောင်ပင်နှင့် ချောင်းဝစစ်ကောင်စီစခန်းတို့ကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က မြို့အတွင်းဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။

သတင်း – Sin Li
ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ