မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်လေးပေကျော်ရောက်ရှိလာပြီး ရေဝင်ရပ်ကွက်များတွင် ပြည်သူအချို့ပိတ်မိနေဆဲဖြစ်သဖြင့် ကယ်ဆယ်ရေးအကူအညီများလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ရေနှစ်မြှုပ်နေပြီဖြစ်ပြီး ပိတ်မိပြည်သူများမှ ရေနစ်သူများလည်းရှိသောကြောင့် ဆေးရုံသို့လိုက်လံပို့ဆောင်ရသည်ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက The 74 Media ကို ပြောသည်။

“ကယ်ဆယ်ရေးနဲ့ ဒုက္ခရောက်နေတဲ့အင်အားကမမျှဘူးဖြစ်နေတယ်။ ရေထဲပြုတ်ကျရေနှစ်ဆေးရုံပို့ အဲဒါမျိုးလေးတွေပေါ့။ တချို့လည်း ထပ်ခိုးလေးမှာပိတ်မိနေတာလေးတွေဆွဲထုတ် ဒါမျိုးလေးတွေပဲ သွားနေရတာ။ ကယ်ဆယ်ရေးအခြေအနေတွေကတော့ ရှုပ်ထွေးနေတယ်” ဟုဆိုသည်။

မြေနိမ့်ပိုင်းနှင့် ဧရာဝတီမြစ်ကမ်းနားတစ်လျောက်ရှိ ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ဂျန်မိုင်ကောင်း၊ မြေမြင့်ကွက်သစ်၊ မန်ခိန်၊ စီတာပူ၊ ကချင်စု၊ ကျွန်းပင်သာ၊ ရွှေညောင်ပင်၊ အေးစေတီ၊ ရမ်ပူစသည့်ရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး ပိတ်မိနေသူများရှိသောကြောင့် လာရောက်ကယ်ဆယ်ပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြနေသည်ကိုလည်း တွေ့ရသည်။

ရေနစ်မြှုပ်နေသည့်နေရာအချို့တွင် ကယ်ဆယ်ရေးအဖွဲ့များ လာရောက်နိုင်ခြင်းမရှိသောကြောင့် ရပ်ကွက်နေပြည်သူများက ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ပေါ်ဦးဘုန်းကြီးကျောင်းအဆင်းမှာ လူတွေအများကြီးပိတ်မိနေပါတယ်။ ကယ်ဆယ်ရေးလိုအပ်နေလို့ပါ အိမ်ကမြှုပ်နေပါပြီ ရပ်ကွက်ကလှေတွေနဲ့တော့ လိုက်ခေါ်ပေးတယ် ကယ်ဆယ်ရေးတွေတော့ မလာဘူး။ အစ်မတွေတောင် အဆက်သွယ်မရဘူး အကိုတွေကသူတို့စက်လှေနဲ့သွားခေါ်တော့ မရှိကြတော့ဘူး” ဟုပြောသည်။

ပိတ်မိပြည်သူများနှင့် ကယ်ဆယ်ရေးအင်အားမမျှသည့်အပြင် မြစ်ကြီးနားမြို့တွင် စက်သုံးဆီပြတ်လတ်နေသဖြင့် ဓာတ်ဆီဝယ်မရသောကြောင့် ကယ်ဆယ်ရေးအတွက် စက်လှေများအသုံးပြုရန် အခက်ကြုံနေရကြောင်း ရမ်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကဆိုသည်။

“တစ်မြို့လုံးဆီက ပြတ်နေသေးတယ် ဝယ်မရဘူး။ လှေကရှိတယ် ဆီမရှိဖြစ်နေတာ။ တချို့ဆို ခေါင်မိုးတိုင်လေးကျန်တော့တာ အဲဒီအပေါ်ကနေ ခေါ်နေတာ။ ကယ်ဆယ်ရေးလှေက လူငါးယောက်၊ ခြောက်ယောက်ထက်ပိုမဆန့်ဘူး။ ဝင်သွားလိုက် ကယ်လိုက် ထွက်လာလိုက်ဆိုတော့ မနိုင်ဘူးဖြစ်နေတာ” ဟုဆိုသည်။

ယမန်နေ့ည ၉ နာရီခန့်မှစတင်ကာ မြစ်ကြီးနားမြို့စိုးရိမ်ရေမှတ်ကိုကျော်လွန်လာပြီဖြစ်ပြီး ယနေ့နံနက် ၉ နာရီခွဲခန့် တိုင်းတာချက်အရ ၁၃၃၀ စင်တီမီတာသို့ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူး ဦးစီးဌာနမှ ဦးနိုင်လင်းထွေးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

မြစ်ရေမှာဆက်တိုးနေသော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီတာဝန်ရှိသူများ၏ ကူညီကယ်ဆယ်ရေးများ မရောက်လာသေးကြောင်း စီတာပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးကဆိုသည်။

“ဝန်ကြီးကလည်း ဘာပဲလုပ်နေမှန်းမသိဘူး မနေ့ညကတည်းက ဒီလောက်ထိဖြစ်နေတာကို မမြင်တာလား မကြားတာလားပဲနော်။ အရင်ဝန်ကြီးသာဆို ဒီလောက်အကြာကြီး ပြည်သူတွေကို ပစ်ထားမှာမဟုတ်ဘူး။ အခုကြည့်ကြလေ ဘာမှမရောက်ဘူး။ စက်လှေဘယ်မှာလဲ၊ ကူညီကယ်ဆယ်ရေးအသင်းတွေ ဘယ်မှာလဲ ဘာမှကိုမတွေ့ဘူး သူ့အိမ်ပါနစ်နေလို့မရောက်လာတာလားပဲနော်” ဟုဆိုသည်။

မြစ်ကြီးနားမြို့ဧရာဝတီမြစ်ရေမှာ ယမန်နေ့ မွန်းလွှဲပိုင်းအချိန်တွင်ငြိမ်သက်ခဲ့ပြီးနောက် ညအချိန်တွင် ပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ဧရာဝတီမြစ်အထက်ပိုင်းဒေသများတွင် ဆက်လက်မိုးရွာသွန်းနေသောကြောင့် မြစ်ရေဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်မှာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ၁၄၀၀ စင်တီမီတာတို့ရောက်ရှိပါက အရေးပေါ်အခြေနေအဖြစ်သတ်မှတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ကလည်း မြစ်အနီးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်ခဲ့သောကြောင့် ဒေသခံအချို့ပြောင်းရွှေ့ခဲ့ကြသည်။

သတင်း – Thu Ta
ဓါတ်ပုံ – ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့နေရာအချို့တွင် ရေနစ်မြှုပ်နေ

သင့်ထင်မြင်ချက်ရေးပေးပါ