မြစ်ကြီးနားမြို့တွင် ရာသီဥတုအခြေအနေဆိုးရွားနေပြီး လေယာဉ်ပြေးလမ်းတွင်ရေဝင်နေသောကြောင့် ယနေ့အတွက် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းခရီးစဉ်များ အားလုံးကိုပယ်ဖျက်လိုက်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေပြီး လေယာဉ်ဆင်းသက်နိုင်ခြင်းမရှိသောကြောင့် လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက်ရခြင်းဖြစ်သည်ဟု လေဆိပ်မန်နေဂျာဦးစောနွဲ့ဖဟိန်းစေက The 74 Media ကို ပြောသည်။

“ဒီနေ့အတွက်က ရာသီဥတုမကောင်းတဲ့အတွက်ကြောင့် လေယာဉ်တစ်စီးမှမဆင်းတော့ဘူး။ လေဆိပ်က မိုးရွာနေလို့ လေယာဉ်ဆင်းလို့မရတာလေ။ လေဆိပ်ပိတ်တာတော့မဟုတ်ဘူး။ ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆင်းလို့မရဘူး အဲဒီလိုဖြစ်တာ။ ရာသီဥတုဆိုးတာကတော့ ဘယ်လောက်ကြာနိုင်လဲ ပြောလို့မရနိုင်ဘူးလေ” ဟုဆိုသည်။

ယနေ့အတွက် လေကြောင်းခရီးစဉ်များအားလုံး ပယ်ဖျက် Cancel ဖြစ်ကြောင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

လေယာဉ်ကွင်းအတွင်း မြစ်ရေဝင်ရောက်နေသဖြင့် လေယာဉ်ဆင်သက်နိုင်ခြင်းမရှိသောကြောင့် ဇူလိုင်လ ၂ ရက်နေ့အထိ ခရီးစဉ်များပယ်ဖျက် cancel ထားခြင်းဖြစ်ကြောင်း လက်မှတ်ရောင်းချသူတစ်ဦးကပြောသည်။

“ဒီနေ့ကကျတော့ ကွင်းမှာရေအပြည့်ဖြစ်နေတော့လေ လေယာဉ်ဆင်းလို့မရတော့လို့။ ကွင်းကိုအပြည့်ဖြစ်နေတာ မြစ်ရေတက်တာဟုတ်တယ်။ ဟိုဘက် ပမ္မတီးဘက်မှာလည်း ရေကအပြည့်ဖြစ်နေတာ။ ဒီတစ်ခေါက်ရေတက်တာ တော်တော်ကြောက်ဖို့ကောင်းတယ်။ လောလောဆယ်ကတော့ ၂ ရက်နေ့အထိ Cancel ဖြစ်ထားတယ်” ဟုပြောသည်။

ယနေ့အတွက် မြစ်ကြီးနားလေဆိပ်မှလေကြောင်းခရီးစဉ်များဖြစ်သည့် မြစ်ကြီးနား – မန္တလေး၊ မြစ်ကြီးနား – ရန်ကုန်သို့သွားမည့် မန်းရတာပုံလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) ခရီးစဉ်နှစ်ခုရှိကြောင်း သိရသည်။

လက်ရှိတွင် မြစ်ကြီးနားလေဆိပ်မှ မြန်မာအမျိုးသား (MNA) ၊ မန်းရတာပုံ၊ မင်္ဂလာလေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) စသည့် လေကြောင်းလိုင်း ၄ လိုင်းပြေးဆွဲလျက်ရှိသည်။

သတင်း – Thu Ta
ပုံ – မြစ်ကြီးနားလေဆိပ်အနီးရှိ အောင်ဇေယျာအောင်ဘုရားအနီး ရေနစ်မြှုပ်နေ(Photo credit to rightful owner)

သင့်ထင်မြင်ချက်ရေးပေးပါ