ဖားကန့်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်လာပြီး ယမန်နေ့မွန်လွှဲ ၁ နာရီခန့်မှစတင်ကာ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်းသိရသည်။

ကံဆီးကျေးရွာရှိ ဥရုချောင်းမှာ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်လာနေသောကြောင့် လမ်းနှင့် အိမ်အချို့တွင် ရေစတင်ဝင်ရောက်လာခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် လုံးခင်းဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဥရုချောင်းရေက တဖြေးဖြေးနဲ့ ပိုများလာနေပြီ။ ရေများတော့ အိမ်တွေ၊ လမ်းတွေမြှုပ်ကုန်ပြီ။ လုံးခင်းဆို ဒီည ကျောက်ဝိုင်းတောင်ဖြစ်မလားမသိဘူး။ ရေတွေက အရမ်းတက်လာနေလို့လေ” ဟုပြောသည်။

လုံးခင်းကျေးရွာ၊ မဇွပ်ယန်၊ ခေါင်းဆုံ၊ နမ္မဖြစ်၊ ဆိပ်မူ၊ ငှက်ပျောတောနှင့် မြို့မရပ်ကွက်တို့တွင် ဥရုချောင်းရေဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သုံးရက်ဆက်တိုက်မိုးရွာသွန်းခဲ့သောကြောင့် ယခုကဲ့သို့ ရေကြီးခဲ့ရခြင်းဖြစ်ပြီး အရေးပေါ်အခြေအနေသို့ရောက်ရှိလာမည်ကို စိုးရိမ်ကြောင်း မြို့မရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူ တစ်ဦက ပြောသည်။

“မိုးကအခုထိ မတိတ်သေးဘူးဗျ။ အိမ်တွေထဲထိရေက ရောက်နေပြီ။ ရေတော်တော်တက်လာတယ် လူ့အရပ်လောက်ရှိတော့မယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေလည်း ရေဘေးသင့်ပြည်သူတွေကို ကူညီဖို့အသင့်ရှိတယ်။ အားလုံးသတိနဲ့နေကြတာအကောင်းဆုံးပါ” ဟုပြောသည်။

ရေကြီးရေလျှံမှုကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရပြီး ယမန်နေ့ညက ရေဘေးရှောင်သည့်လှေတိမ်းမှောက်သောကြောင့် ပျောက်ဆုံးနေသူအချို့ရှိကြောင်း ကနဦးသိရသည်။

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းမိုးဆက်တိုက်ရွာသွန်းနေသောကြောင့် ပူတာအို၊ မချမ်းဘော့၊ ချီဖွေ၊ တနိုင်နှင့် မြစ်ကြီနားမြို့ရှိ ဒေသခံပြည်သူများက ရေကြီးရေလျှံမှုဒဏ်ခံနေရခြင်းဖြစ်သည်။

ဥရုချောင်းတွင် မြေစာသွန်ခြင်း၊ မျောတိုက်ခြင်းနှင့် ချောင်သန့်ရှင်းရေးကောင်းစွာလုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် နှစ်စဉ်မိုးရာသီရောက်ရှိပါက ကျေးရွာအတွင်း ရေကြီးရေလျှံမှုနှင့် ကြုံနေရပြီး ဒေသခံပြည်သူ ၂၀၀၀ ခန့်က ဘေးလွတ်ရာသို့ တိမ်းရှောင်ရလေ့ရှိသည်။

ဖားကန့်မြို့၊ ဖားပြင်ကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နွံကန်ပေါက်ကျကာ မြေစာပုံအနီးရှိမိုးကာတဲအလုံး ၂၀ ထက်မနည်း ရေထဲနစ်မြှုပ်ခဲ့ရကြောင်း သိရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ