တညင်းသီးစားမှားသောကြောင့် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်ပြည်သူ့ဆေးရုံက လက်မခံသောကြောင့် လုံးခင်းဆေးရုံသို့သွားချိန် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကလေးက အစက နေမကောင်းတာတစ်ခုတည်းဖြစ်နေတာ။ တညင်းသီးစားပြီး စပိဖျော်ရည် သွားသောက်လိုက်တာ ဆေးရုံရောက်တော့ကျောက်ကပ်ကမရှိတော့ဘူးလို့ ဆရာဝန်တွေကပြောလာတယ်။ မန္တလေးဆင်းဖို့ပြောတာ ငွေကြေးမတတ်နိုင်လို့ လုံးခင်းဆေးရုံသွားတာ အဲ့မှာပဲဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၇ နှစ်အရွယ် မဆုမြတ်နိုးဦးဆိုသူဖြစ်ပြီး ယမန်နေ့က မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကလေးငယ်မှာ သွေးအန်ကာ နားမှသွေးများထွက်နေခဲ့သည်ဟု ရှရော်ခကျေးရွာနေဒေသခံတစ်ဦးက ပြောသည်။

“ကလေးမလေးသနားပါတယ်။ ပါးစပ်ကနေလည်း သွေးတွေအန်၊ နားကလည် သွေးတွေထွက်။ သူတို့အမျိုးတွေကိုလှမ်းပြောပြဖို့ကလည်း ဖုန်းလိုင်းကမရနေဘူး။ အဲ့ဒီတညင်းသီးဆိုတဲ့အဆိပ်သီးကို ဒီကလူတွေတော်တော်များများကြိုက်ကြတယ်။ ဆီးအောင့်တာတို့ဖြစ်လည်း စားနေကြတာပဲ” ဟုပြောသည်။

တညင်းသီးသည် မိုးရာသီတွင်ပေါများသော ရာသီစာတစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုးမပါရှိသော အသီးဖြစ်ကြောင်း ဆရာဝန်များကပြောထားသည်။

တညင်းသီးစားမှားပါက ဆီးသွားသွေးပါခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးချုပ်ခြင်း ၊ ဆီးနည်းခြင်းစသည်တို့ ခံစားရလေ့ရှိပြီး ဆီးအတွင်းအဆိပ်အတောက်များလာပြီး ဆေးရုံသို့အချိန်မီတက်ရောက်ကုသမှုမခံယူပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဆောင်းပါအချို့တွင် ရေးသားဖော်ပြထားသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ