ဖားကန့်မြို့လုံခြုံရေးအတွက် အဓိကအရေးပါသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ် KIA က ယမန်နေ့တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

လုံးခင်းကျေးရွာအုပ်စုရှိ တောမှော်တပ်စခန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို ပြောသည်။

“တောမှော်စခန်းကိုတော့ မနေ့က ညနေပိုင်း ၄ နာရီခွဲအချိန်လောက်မှာ အပြီး ပြီးစီးထားတာရှိပါတယ်။ အခုထိကတော့တိုက်ပွဲတွေဆက်ရှိတယ်ဆိုတာလည်း တရားဝင်ဘာမှမကြားဘူးပေါ့နော်” ဟုဆိုသည်။

တောမှော်တပ်စခန်းနှင့် ၅ မိုင်ခန့်အကွာတွင်ရှိသည့် လမောင်ကုန်းတပ်စခန်းကိုလည်း ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က သိမ်းပိုက်ရရှိခဲ့ပြီး စစ်သုံ့ပန်း ၁၀ ဦးခန့်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါတပ်စခန်းနှစ်ခုမှာ ဖားကန်မြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းလုံခြုံရေးအတွက် အဓိကကျသည့် ကာကင်းများဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

“ဖားကန့်ဗျူဟာကုန်းတွေ၊ ဖားကန့်တပ်တွေကိုလုံခြုံရေးယူထားပေးတဲ့ အဓိကစခန်းကုန်းတွေဖြစ်ပါတယ်။ ကာကင်းတွေပေါ့နော်။ ဖားကန့်ကိုဝိုင်းပြီးမှစုထားတဲ့စခန်းထဲကတော့ အဲဒီစခန်းနှစ်ခုထဲပါတာဖြစ်ပါတယ်” ဟုဆိုသည်။

အဆိုပါတပ်စခန်းနှစ်ခုကို KIA က ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့တွင် လက်ရှိအချိန်ထိ ဖုန်းလိုင်းများအားလုံးပြတ်တောက်နေဆဲဖြစ်သောကြောင့် စစ်ရေးအခြေအနေ အသေးစိတ်ကိုသိရှိနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လက စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် ဇူလိုင်လတွင် ငြိမ်သက်သွားခဲ့ပြီး ယခုလတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

 

သတင်း – Thu Ta

ပုံ – တောမှော်စစ်ကောင်စီတပ်စခန်း

သင့်ထင်မြင်ချက်ရေးပေးပါ