စစ်ရေးအခြေအနေကြောင့် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို ယနေ့ နံနက် ၆ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့က ဖြတ်သန်းသွားလာခွင့် အားလုံးပိတ်လိုက်ကြောင်းသိရသည်။

အင်းတော်မြို့အဝင်နှင့် မဲဇာကျေးရွာအနီး စသည့်နေရာများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ် နှစ်ဖက်စလုံးက ဖြတ်သန်းသွားလာခွင့်ပိတ်ထားခြင်းဖြစ်သည်ဟု မော်လူးဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“အရင်ကတည်းက ပြောထားပြီးသား ၁၄ ရက်နေ့ကို စပိတ်မယ်ဆိုပြီးတော့။ မော်လူးမှာလည်းပိတ်ထားတယ် ဒီဘက် မဲဇာဘက်ကနေလည်းပိတ်ထားတယ်။ အင်းတော်ကပိတ်သွားပြီဆို လုံးဝရပ်သွားပြီ။ ကွင်းလမ်းလည်း မရှိဘူး။ သွားမယ်ဆိုရင်လည်း ချောင်းကြီးတွေကွင်းပြီးတော့ ရွာတွေဖြတ်သွားရတာဆိုတော့ သွားလည်း သွားတတ်မှာမဟုတ်ဘူး နောက်ပြီးလုံခြုံရေးအရတာဝန်ရှိတဲ့သူတွေကလည်း ခွင့်ပြုလား၊ မပြုလားမသိတတ်ဘူး” ဟုပြောသည်။
 
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့ကလည်း အဆိုပါလမ်းတွင် ကုန်တင်ကားကြီးများကို အတက်အဆင်းအားလုံး ပိတ်လိုက်ပြီးနောက် ခရီးသည်တင်ကားများက ကွင်းလမ်းမှဖြတ်သန်းသွားလာနေကြခြင်းဖြစ်သည်။
 
အင်းတော်မြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင်လည်း စစ်ကြောင်းလှုပ်ရှားမှုရှိသောကြောင့်ဟုဆိုကာ ဖြတ်သန်းခွင့် မပြုဘဲပိတ်ထားကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးကဆိုသည်။
 
“အင်းတော်မှာပဲ စစ်တပ်ဘက်ကပိတ်တာလို့ပြောတယ် PDF ကတော့မဟုတ်ဘူးတဲ့။ စစ်ကြောင်းရှိလို့ဆိုလား အဲဒီလိုတော့ပြောသံကြားတယ်။ နယ်မြေရှင်းလင်းရေးလုပ်မလို့ဆိုလားပဲ ကြားတာတော့” ဟုဆိုသည်။
 
မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းကို ယနေ့ နံနက်ပိုင်းမှစတင်ပိတ်လိုက်ခြင်းဖြစ်ပြီး အချိန်မည်မျှကြာအောင် ပိတ်ထားမည်ကို မသိရှိရသေးပါ။
 
အဆိုပါလမ်းရှိ အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟူသော သတင်းများကြောင့် ဒေသခံအချို့မှာလည်း တိမ်းရှောင်နေကြကြောင်း သိရသည်။
 
အင်းတော်မြို့နှင့် အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားသည့်အချိန်များနှင့် စစ်ရေးတင်းမာသည့်အချိန်များတွင် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို မကြာခဏပိတ်လေ့ရှိသည်။
 
သတင်း – Thu Ta
ပုံ – မြစ်ကြီးနားမြို့ရှိ မြစ်ဖျားဧရာယာဉ်ရပ်နားစခန်း
သင့်ထင်မြင်ချက်ရေးပေးပါ