စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် အင်အားအလုံးအရင်းဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် ဒီပဲယင်းမြို့ပေါ်မှ တော်လှန်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

တော်လှန်ရေးပူးပေါင်းတပ်များက ယမန်နေ့နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်ခဲ့သော်လည်း ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Mediaကို ပြောသည်။
“မြို့နဲ့ အနီးကပ်ဆုံးနေရာမှာတော့ရှိတယ် ဟိုလိုကြီး(လုံးဝ) ဆုတ်သွားတာတော့ မဟုတ်ပါဘူး။ သူတို့ ရဟတ်ယာဉ်နဲ့ အင်အားဖြည့်ထားတာဗျာ ပြီးတော့ဝေဟင်တွေလည်း ရောက်လာတာပေါ့။ စစ်ရေးဆိုတာကတော့ ဒီလိုပါပဲလေ ကျွန်တော်တို့ဘက်ကလည်း လက်နက်အင်အားထပ်ဖြည့်ရမယ်။ လက်နက်ခဲယမ်းမလုံလောက်တာမျိုး အင်အားနည်းသွားတဲ့အချိန် မထင်မှတ်ဘဲရောက်လာတော့ ဆုတ်ပေးလိုက်ရတာပေါ့” ဟုပြောသည်။
မြို့တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး Mi 17 ရဟတ်ယာဉ်ဖြင့် စစ်ကူ လေကြိမ်ခန့်လာရောက်ပို့ဆောင်ခဲ့ကြောင်း သူကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပျူစောထီး ၂ ဦး၊ Non-CDM ဝန်ထမ်း ၄၁ ဦးနှင့် မိသားစုဝင် ၈၀ ဦး စုစုပေါင်း ၁၂၃ ဦးတို့ လက်နက်ချခဲ့ပြီး လက်နက်အများအပြား သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တိုင်းပကဖက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ဒီပဲယင်းမြို့မရဲစခန်းနှင့် မြို့ပေါ်ရှိစစ်ကောင်စီတပ်စခန်းများ မီးလောင်ပျက်စီးသွားသောကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြသိန်းတန်ဘုန်းကြီးကျောင်း၊ ကုန်းသာဦးဘုန်းကြီးကျောင်းနှင့် ပုဗ္ပါရုံဘုန်းကြီးကျောင်းများတွင် တပ်စွဲထားကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်းများကို လေးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ ၁၈ ရက်နေ့နံနက်တွင်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုနှင့် ရွှေဘိုခရိုင်အတွင်းရှိ တပ်ရင်းများ၊ ရွှေဘိုခရိုင်ပကဖ၊ ဒီပဲယင်းမြို့နယ်ပကဖ၊ ဘုတလင်မြို့နယ်ပကဖနှင့် ဒေသခံတော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲကြောင့် ဒီပဲယင်းမြို့နေပြည်များ၊ ဒီပဲယင်း – ရေဦးလမ်းတစ်လျှောက်ရှိကျေးရွာများမှ ဒေသခံပြည်သူနှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
ဒီပဲယင်းမြို့သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခနှင့် မိုင် ၄၀ ခန့်အကွာတွင်တည်ရှိပြီး တော်လှန်ရေးတပ်ဝင်များက ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်ကာ မြို့သုံးပုံနှစ်ကိုခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။
သတင်း – Dureng
သင့်ထင်မြင်ချက်ရေးပေးပါ