ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ထုတ်မြဝတီသတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ ယမန်နေ့ ဩဂုတ် ၁၉ မှစ၍ မှတ်ပုံတင်ခွင့်ပြုလိုက် ခြင်းဖြစ်ပြီး မှတ်ပုံတင်အမှတ်မှာ (၅၁) ဖြစ်ကြောင်းဖော်ပြထားခြင်းဖြစ်သည်။

KSPP တွင် လက်ရှိအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူမှာ ပါတီ၏ ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ပြီး ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမနမ်တူးဂျာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒုဥက္ကဋ္ဌဟောင်းဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကို ၂၀၁၉ ခုနှစ်က ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP)၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင်ပြည်နယ်(မနောတိုင်ပါတီ) စသည့် ပါတီလေးခုဖြင့်ဖွဲ့စည်းခဲ့သည်။

KDP ပါတီမှာ စစ်တပ်အာဏာသိမ်းပြီးနောက် KSPP ပါတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

KSPP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်ပေါင်း ၇၀ ရှိသည့်အနက် ကိုယ်စားလှယ်လောင်း ၆၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်သုံးခုတွင် ကိုယ်စားလှယ်လောင်းလေးဦး အနိုင်ရရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC)၊ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ (ဒူးလေးပါတီ) (L.N.D.P) နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) လေးပါတီရှိပြီး KNC ပါတီမှလွဲ၍ ကျန်သုံးပါတီကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၆) ပါ ပြဌာန်းချက်များနှင့်ညီညွတ်ခြင်းမရှိသောကြောင့်ဟုဆိုကာ ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ပါတီ၏ မှတ်ပုံတင်ခွင့်လျှောက်ထားချက်ကို ငြင်းပယ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့သည်။

 

သတင်း – Thu Ta

ပုံ – ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကာလ KSPP ပါတီ မဲဆွယ်စည်းရုံးရေး (ဓါတ်ပုံ – KSPP)

သင့်ထင်မြင်ချက်ရေးပေးပါ