အသက်မပြည့်သေးသည့်မိန်းကလေးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သဖြင့် သေဒဏ်ချမှတ်ခံထားရသူ အယူခံဝင်ခဲ့သောကြောင့် ချမှတ်ထားသည့်ပြစ်ဒဏ်ပြောင်းလဲသွားမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ပြစ်ဒဏ်ချမှတ်ပြီးနောက် ခုနှစ်ရက်အတွင်း အယူခံဝင်ခဲ့ခြင်းဖြစ်သည်ဟု အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ပေးနေသူ လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“နေပြည်တော်မှာ အယူခံတင်ထားတယ်လို့တော့ကြားပြီ အယူခံတင်တာတော့ ပြစ်မှုကျူးလွန်တဲ့သူရဲ့ မိသားစုဝင်တွေလို့ပြောတယ်။ ဘက်လိုဖြစ်လာမလဲ မသိဘူး။ နိုင်ငံရေးလည်း အခုလိုဖြစ်နေတော့ နောက်ဆက်တွဲအခြေအနေတော့ စောင့်ကြည့်နေတယ်” ဟုပြောသည်။

လက်ရှိအချိန် ပူတာအိုခရိုင်တွင် ဖုန်းလိုင်းပြတ်တောက်နေသောကြောင့် အမှုကိစ္စနှင့်ပက်သက်ပြီး နေပြည်တော်သို့သွားသော ခရိုင်တရားသူကြီးနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ခြင်းမရှိဘဲ တရားရုံးရှိ ရှေ့နေထံမှ သိရခြင်းဖြစ်ကြောင်းသူကပြောသည်။

ကျူးလွန်ခဲ့သူ ကျော်သူရကိုအား ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ ၃၀၂ (၁) (ဂ) တို့ဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၆ နေ့တွင် ပူတာအိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သူဘက်မှ အယူခံဝင်သောကြောင့် ခရိုင်တရားရုံးကချမှတ်ထားသာ ပြစ်မှုပြစ်ဒဏ်များကို ပြောင်းလဲသတ်မှတ်ပေးပါက လက်ခံနိုင်မည်မဟုတ်သောကြောင့် စောင့်ကြည့်နေမည်ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က အမြဲတမ်းစောင့်ကြည့်နေတယ်။ ဒါကို(အယူခံဝင်သောကြောင့် ပြစ်ဒဏ်လျော့ချခြင်း) လက်ခံနိုင်စရာအကြောင်းမရှိဘူး ချမှတ်ထားတဲ့ပြစ်ဒဏ်အတိုင်း ဖြောင့်ဖြောင့်မတ်မတ်မှန်မှန်ကန်ကန်ရှိအောင်ပဲ လိုလားတာပေါ့။ တကယ်လို့ပြစ်ဒဏ်ပြောင်းလဲသွားပြီဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပေါ့နော။ အဲ့လိုမျိုးလူကို နောက်နှောင်အတွက်လည်း စံပြလုပ်ထားရမယ်လေ” ဟုပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသူ အသက် ၁၅ နှစ်အရွယ် မိန်းကလေးမှာ မိခင်ဖြစ်သူနှင့်အတူဆီဆိုင်သို့သွားရာမှ တစ်ဦးတည်းပြန်သွားရာ မိုးချုပ်သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသောကြောင့် မိသားစုဝင်များလိုက်လံရှာဖွေချိန် ည ၁၁ နာရီခန့်တွင် ဒုတ္တန်ရပ်ကွက် (၂) အနီးရှိ သက်ကယ်တောတွင် သေဆုံးနေသည့်ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရုပ်အလောင်းတွေ့ရှိချိန် အဆိုပါမိန်းကလေးမှာ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးထွက်နေပြီး လည်ပင်းညှစ်ခံထားရသောဒဏ်ရာနှင့် ပွန်းပဲ့ဒဏ်ရာများရရှိထားကြောင်း သိရသည်။

 

သတင်း – Dureng

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ