ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်အစောပိုင်း ၅ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

ထီးချိုင့်မြို့အတွင်းနှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်း မြတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ထီးချိုင့်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထီးချိုင့်ကတော့ သူတို့စခန်း ၃ နေရာလောက်ချထားတာရှိတယ်။ မြတောင်ဘက်ကလည်း ၃ နေရာချထား တာရှိတယ်။ မြတောင်ကိုရော ထီးချိုင့်ကိုရော နှစ်ဖက်တစ်ပြိုင်တည်းဝင်လုပ်တာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခိုင်အမာတပ်စွဲထားသည့် ဗန်းမော် – မန္တလေး – မြစ်ကြီးနားလမ်းဆုံ ထီးချိုင့် ဧရာဝတီတံတားထိပ်၊ မြတောင်ကျေးရွာအတွင်းနှင့် ထီးချိုင့်ဘုရားကုန်းစသည့်နေရာများကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ယနေ့ နံနက် ၈ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်က လေကြောင်းမှ ၆ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းမှစက်သေနတ်များဖြင့်ပစ်ခတ်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“လေယာဉ်နဲ့ ဗုံးကြဲတာလည်းရှိတယ်။ လေယာဉ်ပေါ်ကနေ သေနတ်နဲ့ နီးစပ်ရာတွေလျှောက်ပစ်နေတာလည်း    ရှိတယ်ပေါ့နော်။ အခုအချိန်ထိပစ်တုန်းလို့ပြောလို့ရတယ်။ လေယာဉ်က တစ်စီးပြီး တစ်စီးပြန်လာနေသေးတယ်ဆိုတော့” ဟုဆိုသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထီးချိုင့်မြို့နှင့် အနီးပတ်ဝန်းကျင်နေရာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများနှင့် အိမ်မွေးတိရစ္ဆာန် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ဦးဆောင်ကာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များနှင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ လေးလကျော်ကြာတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများရပ်နားထားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ထီးချိုင့်မြို့အတွင်း အိမ်ထောင်စု သုံးထောင်ကျော် လူဦးရေ တစ်သောင်းငါးထောင်ခန့် နေထိုင်ပြီး မြို့သိမ်းတိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ကာ အခြားနေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်းသိရသည်။

 

သတင်း – Thu Ta

ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့

သင့်ထင်မြင်ချက်ရေးပေးပါ