စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တွင် မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်ရဲစခန်းတစ်ခုသာကျန်ရှိကြောင်း သိရသည်။

ပင်လည်ဘူးမြို့မ ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးတပ်ဖွဲ့ဝင်များနှင့် SNA တပ်ဖွဲ့ဝင်များက ပူးပေါင်းကာခံစစ်ပြင်ဆင်ခုခံနေသောကြောင့် ကျန်ရှိနေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တိုက်ပွဲအခြေအနေကတော့ မြို့ထဲဝင်နိုင်ပြီ မြို့ကိုအကုန်ပိတ်ဆို့ထားပြီး တိုက်ပွဲကတော့ ဆက်လက်ပြင်းထန်နေတုန်းပဲ။ မြို့ကိုထိန်းချုပ်နိုင်ပြီလို့တော့ပြောလို့မရဘူး။ အဲ့ရဲစခန်းက တခြားစခန်းကနေဆုတ်ပြေးလာကြတဲ့သူတွေလည်း အကုန်စုနေကြတာ။ ဘယ်အဖွဲ့မှ မြို့ကိုအပြည့်အဝ ထိန်းနိုင်ခြင်းမရှိဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲပြင်းထန်နေသောနေရာများကို ယနေ့ နံနက် ၄ နာရီခွဲခန့်က နှစ်ကြိမ်၊ ရှစ်နာရီခန့်တွင်တစ်ကြီမ် လာရောက်ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။

အဆိုပါရဲစခန်းရှိ စစ်ကောင်စီပူးပေါင်းတပ်ကို လက်နက်ချရန် တော်လှန်ရေးတပ်ဖွဲ့က ညှိနှိုင်းခဲ့သော်လည်း အင်အားထပ်မံဖြည့်တင်းလာသောကြောင့် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးကဆိုသည်။

“ညှိတာကို အချိန်ဆွဲပြီး လေယာဉ် ၇ စီးနဲ့ လူချသွားတယ်။ ကုန်းကြီးရွာနဲ့ ကျောက်မီးသွေးတွင်းကြား တောထဲကနေ စစ်ကူတွေပို့တာ။ လက်ရှိတိုက်ပွဲကတော့ မြို့တွင်းမှာပဲ သူတို့တပ်စွဲထားတဲ့ ရဲစခန်းနေရာ။ နားလိုက်ပစ်လိုက်ပဲ” ဟုဆိုသည်။

မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း မြို့မကျရေးအတွက် လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံနေကြောင်း သိရသည်။

ပင်လည်ဘူးမြို့ သိမ်းပိုက်ရရှိရေးအတွက် တော်လှန်ရေးပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ယခုတစ်ကြိမ်သည် ၆ ကြိမ်မြောက်ဖြစ်သည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ပင်လည်ဘူး၊ ထီးချိုင့်နှင့် သပိတ်ကျင်းတို့တွင် ဩဂုတ်လ တတိယပတ်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်တို့က မြို့သိမ်းတိုက်ပွဲဆင်နွဲနေပြီး စစ်ကောင်စီတပ်ကလည်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။

 

သတင်း – Dureng, Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ