ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးကို ယနေ့ မွန်းလွဲ ၁၂နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသည်ဟုဆိုကာ ဦးလင်းလင်းဦးကို ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အကြမ်းဖက်စစ်ကောင်စီက အင်အားအပြည့်နဲ့ လာခေါ်သွားပါတယ်။ စစ်ကားနှစ်စီး ရဲကားတစီးပါ။ စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး လာခေါ်သွားတာပါ”ဟုဆိုသည်။
ဦးလင်းလင်းဦးကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို အတိအကျ မသိရသေးသော်လည်း စစ်တပ်သို့ ခေါ်ဆောင်သွားနိုင်ကြောင်း သူကဆက်ပြောသည်။
တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးလင်းလင်းဦးသည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဥ်ပြိုင်ပြီး ၂ကြိမ်ဆက် အနိုင်ရရှိထားသူဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ