ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဇွန်လ ၁ ရက်နေ့က ချီဖွေ စစ်ရှောင်စခန်း(၂)တွင် နေထိုင်သော မူကြိုဆရာမ ဒေါ်လဘောင်ခေါန်ညွမ်နှင့် သူမ၏သုံးနှစ်အရွယ်သားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေနှင့် ပတ်သက်ဆက်နွယ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အသက် ၄၀ အရွယ် ဒေါ်လဘောင်ခေါန်ညွမ်သည် ဇန်နောင်ယန် မူကြိုကျောင်းတွင် အလုပ်လုပ်ကိုင်နေသည့် မူကြိုဆရာမဖြစ်ပြီး စစ်ရှောင်စခန်းရှိ သူမ၏နေအိမ်တွင် ရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ဦးခန့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“KIA နဲ့ အချိတ်ဆက် ရှိတယ် ထင်ပြီး သံသယ ဝင်နေတာ အမှန်တော့ မဟုတ်ဘူး၊ သူက ဇန်နောင်ယန် မူကြိုက ဆရာမ သူ့မှာ သားသမီး ၄ ယောက် ရှိတယ်၊ လာဖမ်းတဲ့အချိန် ရဲ ကား ၂ စီး ပါတယ်၊ စစ်သားနဲ့ရဲ ၂၀လောက်ပါတယ်၊ အခုက ဘာမှ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် သူတို့နှစ်ဦးကို ချီဖွေ မြို့မရဲစခန်းတွင် ဖမ်းချုပ်ထားကြောင်းသူက ဆက်ပြောသည်။
“သူ့ကို လာဖမ်းတာက ဘာသက်သေမှ အထောက်အထား မရှိဘူး” ဟု ၎င်းကဆိုသည်။
ရဲသတင်းပေးတစ်ဦး၏ တိုင်ကြားချက်ကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
ချီဖွေစစ်ရှောင်စခန်းနေ ပြည်သူများကို ယခုကဲ့သို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထဦးဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ