ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ညောင်ပင်ရပ်(မြောက်ပိုင်း)၌ ဇွန်လ ၅ရက်နေ့ ည ကိုးနာရီခွဲခန့်က စစ်ကောင်စီတပ်မှ လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစ်ကိုဖြစ်သူကို လာရောက်ရှာဖွေရာ မတွေ့ရှိသောကြောင့် ညီတော်စပ်သူ ကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု တစ်ရပ်ကွက်ထဲနေ အမည်မဖော်လိုသူတစ်ဦးက The 74 Media ကိုပြောသည်။
“သူ့အစ်ကိုကိုက အရင်ထဲကဖမ်းဖို့ဝရမ်းထုတ်ထားတယ်။ ပြောရရင်တော့သပိတ်ထဲပါလို့ပေါ့။ သူ့အကိုကိုမတွေ့လို့ သူ့ညီကိုခေါ်သွားတယ်လို့တော့ပြောတယ်” ဟုသူကပြောသည်။
စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသူမှာ အသက် ၂၀နှစ်အရွယ် ကိုဝင်းနိုင်ဦးဖြစ်ကြောင်းသူက ဆက်ပြောသည်။
လာရောက်ဖမ်းဆီးချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သား အင်အား ၂၀ ဦးခန့်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ဖမ်းဆီးလိုသူများကို မတွေ့ရှိလျှင် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားမှုများ ပြုလုပ်နေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ