ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာအတွက် ခက်ခဲလျက် ရှိနေသည်ဟု စစ်ရှောင်များထံမှ သိရသည်။
ထောက်ပံ့ကူညီမှုရရှိသော်လည်း လုံလောက်မှုမရှိသောကြောင့် ခက်ခဲနေသည်ဟု စစ်ရှောင်တစ်ဦးက The 74 Media ကို ပြောသည်။
“အခုက အစားအသောက်နဲ့ပတ်သက်ပြီး အရမ်းကိုခက်ခဲနေပါတယ်၊ ဘယ်မှလည်းသွားပြီး ထွက်ရှာလို့က မရ၊ နေ့စားတွေလည်းမသွားရ၊ စားဖို့ပေးတာက ဂရုဏာကပေါ့၊ ဘယ်မှသွားရှာလို့ မရတဲ့သူတွေအတွက်ကျတော့ ဆန်ဖိုးလောက်ပဲ ဖြစ်နေတာပေါ့၊ ကလေးတွေဘာတွေ ကျောင်းတက်ရင်လည်း အဝေးကြီးသွားရှာလို့မရဘူးပေါ့ ” ဟု ပြောသည်။
ထို့အပြင် ရှဒူဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်မှ နေ့စဥ်နီးပါး ပစ်ခတ်သည့် လက်နက်များကြောင့်လည်း စိုးရိမ်နေကြရသည်ဟုပြောသည်။
“ညတိုင်းလိုလိုလည်းပစ်၊ ရက်ခြားပြီးတော့လည်းပစ်တယ်၊ အဲ့လိုဆိုတဲ့အခါကျတော့ ကျွန်မတို့စစ်ရှောင်ထားသူတွေက ပိုကြောက်၊ ပိုစိုးရိမ်နေရတာပေါ့၊ အလုပ်လုပ်နေရင်းလည်းကြား၊ နေ့တိုင်းကြားနေရတော့ အမြဲသတိထားနေရတာပေါ့ ” ဟု ပြောသည်။
ထိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စုပေါင်း ၂၅ ခု နှင့် လူဦးရေစုစုပေါင်း ၁၁၄ ယောက်ရှိပြီး လောဒ်ဂျာ၊ အောင်လေး၊ ခဒဇွမ်၊ အောင်လောဒ် နှင့် နမ်ဗျူ စသည့် ရွာများမှ စစ်ရှောင်လာခဲ့ကြသူများဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စတင်ကာ ရွှေ့ပြောင်းခဲ့ကြသည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ