ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်ပြီး ယနေ့အထိ လှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူများဟုဆိုကာ ပြည်သူ (၃၂)ဦးသည် ဖမ်းဝရမ်းထုတ်ထားခံရကြောင်းသိရသည်။
ဖမ်းဝရမ်းထုတ်ခံရသူ(၃၂)ဦးတွင် အချို့မှာ ဖမ်းဆီးခံထားရသူများဖြစ်ပြီး အများစုမှာ တိမ်းရှောင်နေရကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက The 74 Media ကိုပြောသည်။
“အဖမ်းခံရသူတွေအပါ စာရင်းလုပ်ကြည့်တာ ဒီနေ့(၂)ယောက်တိုးတယ်ဆိုတော့… စုစုပေါင်း ဝရမ်းထုတ်ထားတာက အယောက် (၃၂)ဦး ရှိတယ်။ သိတဲ့သူတွေကို မေးကြည့်တော့ စာရောက်တယ် ပြောတယ်။ အဖမ်းခံရတဲ့ဟာက (၇)ဦးလောက်ရှိပြီ”ဟုပြောသည်။
ဖမ်းဝရမ်းထုတ်ထားခံရသူအများစုမှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြောင်း သူကပြောသည်။
ဦးဆောင်သူဟုဆိုကာ ပထမဆုံးဖမ်းဆီးခံရသူ ၂ ဦးမှာ ဆန္ဒပြမှုမှာပါဝင်သူများမဟုတ်သော်လည်း ၎င်းတို့ ၂ဦး၏ ဖုန်းတွင် ဆန္ဒပြပြည်သူများအား ဓာတ်ပုံရိုက်ထားသည်ကိုတွေ့သဖြင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ချထားကြောင်း သူက ဆက်ပြောသည်။
“ပထမဦးဆုံးအဖမ်းခံရတဲ့သူ(၂)ဦးက ဆန္ဒပြသူလည်းမဟုတ်၊ ဦးဆောင်သူလည်းမဟုတ်ဘဲ ဝရမ်းထုတ်ထားတဲ့သူတွေ သုဿန်မှာစုနေနေကြတယ်ဆိုပြီး သတင်းရလို့လာတာ ဘယ်သူမှမတွေ့လို့ အဲ့မှာရှိနေတဲ့ နှစ်ယောက်ရဲ့ဖုန်းမှာတွေ့တာနဲ့ဖမ်းသွားတာ။ ဓာတ်ပုံရိုက်ထားတာတွေကတော့ ဆန္ဒပြလမ်းကြောင်းမှာ လူတိုင်းရိုက်နေကြတာပဲလေ၊ သူတို့ကတော့ ပရဟိတသမားတွေ။ အကုန်လုံးတောင် ကမ်ပိန်းတွေလုပ်ကြသေးတယ်။ ချက်ချင်းလွှတ်ပေးဖို့ သွားပြောသေးတယ်။ ရပ်မိရပ်ဖတွေ အသင်းဥက္ကဌတွေ ဘုန်းကြီးတွေ သွားပြောတာလည်း မရခဲ့ဘူး။ ချက်ချင်းပုဒ်မတပ်ပြီး ထောင်ကိုခေါ်သွားတာပေါ့။”ဟုပြောသည်။
မတ်လ ၁၉ရက်နေ့အထိ မိုးညှင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အတွင်း စစ်တပ်နှင့်ရဲများ၏ ဖြိုခွင်းခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးရှိပြီး ဖမ်းဆီးခံရသူ ၇ ဦးခန့်ရှိကြောင်းသိရသည်။
Photo Courtesy : Unknown
သင့်ထင်မြင်ချက်ရေးပေးပါ