နှစ်ပေါင်း ၂၀ တွင် ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေဝင်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိကာ ကယ်ဆယ်ရေးများလုပ်ဆောင်နေသော်လည်း အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ နံနက် ၉ နာရီခွဲ နောက်ဆုံးတိုင်းတာချက်အရ စိုးရိမ်ရေအမှတ်အထက် ၁၃၃၀ စင်တီမီတာသို့ရောက်ရှိနေပြီး တစ်နာရီလျှင် ၇ စင်တီမီတာ ၃ လက်မနှုန်းဖြင့် ဆက်လက်ရေမြင့်တက်နေသည်။

မြေနိမ့်ပိုင်းနှင့် ဧရာဝတီမြစ်ကမ်းနားတစ်လျောက်ရှိ ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ဂျန်မိုင်ကောင်း၊ မြေမြင့်ကွက်သစ်၊ မန်ခိန်၊ စီတာပူ၊ ကချင်စု၊ ကျွန်းပင်သာ၊ ရွှေညောင်ပင်၊ အေးစေတီ၊ ရမ်ပူစသည့်ရပ်ကွက်များတွင် ရေဝင်ရောက်နေပြီး ပိတ်မိနေသူများရှိသောကြောင့် လာရောက်ကယ်ဆယ်ပေးရန် လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြနေသည်ကိုလည်း တွေ့ရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်အချို့ကလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသလို အချို့ရပ်ကွက်နေ​ပြည်သူများက ကိုယ်ထူကိုယ်ထကူညီပေးမှုများလည်း တွေ့ရသည်ဟု ဒေသခံများကဆိုသည်။

မြစ်ကြီးနား​မြို့တွင် ၂၀၀၄ ခုနှစ်က နောက်ဆုံးရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သဖြင့် နှစ်ပေါင်း ၂၀ တွင် ထပ်မံရေကြီးခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ