စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ဆီဘောက်ဆာမော်တော်ယာဥ်ကြီးများ ယခင်ကထက်ပိုမို ဖြတ်သန်းနေကြောင်း ချီဖွေဒေသခံများထံမှသိရသည်။
ချီဖွေမြို့တွင် စစ်အာဏာမသိမ်းခင်က ဆီဘောက်ဆာမော်တော်ယာဥ်တန်းသည် တစ်ခေါက်လျှင် ၃ ၊၄ စီးသာ ဖြတ်သန်းနေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှု ဆီဘောက်ဆာယာဥ်တန်းတွင် ယာဥ်အစီးရေ ၆စီးမှ ၈စီးခန့်အထိရှိလာပြီး နေ့စဥ်နီးပါးဖြတ်သန်းနေကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“အိမ်က လမ်းဘေးမှာဆိုတော့ ပိုသိသာတယ်။ အာဏာမသိမ်းခင်တုန်းကတော့ တစ်ခေါက် ၃၊ ၄ စီးဖြတ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းတော့ ကားမောင်းတဲ့သူတွေရော စည်းကမ်းမရှိတော့ဘူး။ အကွေ့တွေမှာရော အရှိန်နဲ့မောင်းတယ်။ အစီးရေတွေ ပိုစိတ်လာတယ်။ အခေါက်ရေတွေများလာတယ်။ အခုဆိုရင် ယာဥ်တန်းတစ်ခုကို ၆စီးက အနည်းဆုံးပဲ၊ တစ်ခါတစ်ခါဆို ၁၀စီးလောက်ရှိတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးကဆိုသည်။
တရုတ်နိုင်ငံနှင့်နယ်စပ်ဖြစ်သော ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် မြေရှားသတ္ထုတူးဖော်ရေးလုပ်ကွက်များ ပိုများလာသောကြောင့် ယခုကဲ့သို့ ဆီသယ်မော်တော်ယာဥ်များ ပိုမိုမျာပြားလာရခြင်းဖြစ်နိုင်ကြောင်း ချီဖွေမြို့ခံတစ်ဦးကဆိုသည်။
“ချီဖွေကနေဖြတ်ပြီး ပန်ဝါဒေသဘက်ကို သယ်သွားတာ။ မြေရှားသတ္ထုတူးတဲ့ လုပ်ငန်းဆိုဒ်တွေဘက်ကို ပို့နေတာ။ ဆီသယ်ကားတွေ အရင်တုန်းကထက်ပိုများလာတယ်ဆိုတော့ မြေရှားသတ္ထုတွေ တူးတဲ့နေရာ ပိုများလာတယ်လို့ပြောလို့ရတယ်” ဟု သူက ပြောသည်။
မြေရှားသတ္ထုတူးဖော်သော လုပ်ငန်းခွင်များသည် ချီဖွေမြို့အနီးတွင်မရှိသော်လည်း ချီဖွေမြို့မှ မိုင် ၂၀ခန့် အကွာအဝေးလောက်မှ စ၍ လုပ်ငန်းခွင်များကို တွေ့မြင်နေရကြောင်း သူက ပြောသည်။
ယခင်က ဆီဘောက်ဆာယာဥ်တန်းများသည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသော်လည်း Covid 19 ရောဂါဖြစ်ပွားခဲ့သောအချိန်မှ စ၍ တရုတ်နိုင်ငံမှ ဖြတ်သန်းခွင့်မရတော့ဘဲ ချီဖွေမြို့ကို ဖြတ်သန်း၍ မြေရှားသတ္ထုလုပ်ငန်းခွင်များသို့ပိုဆောင်နေကြောင်း သူက ဆက်ပြောသည်။
မြေရှားသတ္ထုကို တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် အုပ်ချုပ်သောဒေသတွင် တူးဖော်နေပြီး တရုတ်ပြည်မှ အဓိက ဝယ်ယူနေသည်။
သင့်ထင်မြင်ချက်ရေးပေးပါ