ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း ဧပြီလအတွင်းဖြစ်ပွါးခဲ့သည့်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အကူအညီလိုအပ်နေသည်ဟု သိရသည်။
စစ်ရှောင်ပြည်သူများသည် မန်နောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ထွက်ပြေးခိုလှုံနေကြပြီး ယာယီနေထိုင်ရန် နေရာထိုင်ခင်း၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း နမ့်တာပိန် ရှမ်းသာရေးနာရေး ပရဟိတအဖွဲ့ စည်းရုံးရေးမှူး စိုင်းဝဏ္ဏာအောင်က The 74 Media ကို ပြောသည်။
” လောလောဆယ် စားရေးသောက်ရေး ကျန်းမာရေး စောင့်ရှောက်မူတွေလိုနေတယ်။ သက်ကြီးရွယ်အိုတွေ မကျန်းမာတာမျိုးလည်းရှိတယ်။ မိုးဝင်ပြီဆို နေတဲ့နေရာ မိုးမလုံတာမျိုးတွေ ချက်ပြုတ်ဖို့နေရာ မိုးမလုံတာမျိုးတွေ ဖြစ်လာနိုင်တယ်” ဟုပြောသည်။
စစ်ရှောင်ပြည်သူများမှာ မန်နောင် ဘုန်းကြီးကျောင်း ၅ ကျောင်းတွင် ခိုလှုံနေပြီး တချို့မှာ ရွာထဲတွင်ရှိသည့် ဆွေမျိုးအိမ်များ၌ ခိုလှုံနေရကြောင်း သိရသည်။
” လက်ရှိနေနေတဲ့ နေရာတွေက မန်နောင် ဘုန်းကြီးကျောင်း ၅ ကျောင်း ( ကျောင်းသစ် ကျောင်းဟောင်း တောကျောင်း ညောင်ပင်သာ တာဟိုက်လိုင် ) တွေနဲ့ ရွာထဲက နီးစပ်ရာ သူ့မျိုး ကိုယ့်အဆွေအိမ်တွေမှာ စုနေကြတယ်” ဟုပြောသည်။
စစ်ရှောင်ပြည်သူများမှာ လက်တလောတွင် တိုက်ပွဲကြောင့် မိမိတို့နေရပ်ပြန်ရန်ခက်ခဲနေပြီး မိမိတို့၏ အခင်းခြံမြေတို့သွားရန်အခက်အခဲဖြစ်နေသည်ဟု သူက ပြောသည်။
” ခုက တိုက်ပွဲပြင်းထန်နေတော့ နေရပ်ပြန်လို့မရသေးဘူး။ ပဲပုတ် မြေပဲ တွေရင့်နေပြီ နှုတ်လို့မရသေးဘူး သွားနှုတ်ရင် နယ်မြေ လုံခြုံရေးအရ စစ်တပ်က နှုတ်ခွင့်မပေးဘူး” ဟုပြောသည်။
ယခု မန်နောင်ကျေးရွာသို့ ရွှေ့ပြောင်းလာသည့် ပြည်သူများသည် ရွကုန်းလော ( မိုင်းခတ်)၊ တာလီ၊ စီဟတ်၊ မင်းကျမ်း၊ ပန်ချိုးဟိုင်၊ နောင်ကွမ်၊ နောင်ကုန်၊ နောင်မကောက်၊ မခွယ်၊ နမ့်မှော်ချောင်း၊ မြို့သစ်၊ နောင်ပေါင်း၊ နမ့်တိမ် နှင့် ကုန်းကတင် တို့မှဖြစ်ကြပြီး စစ်ရှောင်ပြည်သူ စုစုပေါင်း ၁၆၀၀ ဝန်းကျင်ရှိသည်။
တိမ်းရှောင်လာသူများတွင် လသားအရွယ်ကလေးငယ်များ အပြင် အသက် ၈၀ ကျော်သက်ကြီးရွယ်အိုများ ပါဝင်သည်။
Photo – Aung San Win
သင့်ထင်မြင်ချက်ရေးပေးပါ