ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နန်းခါရပ်ကွက်ရှိ စားသောက်ဆိုင်တွင် သေနတ်ထောက်ပြီး ဖမ်းဆီးခြင်း ခံခဲ့ရသည့် လူငယ်သုံးဦးသည် လက်ရှိအချိန်အထိ မိသားစုနှင့်တွေ့ခွင့်မရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။
ပြီးခဲ့သည့် မေလ ၈ရက်နေ့ည ၇နာရီခွဲအချိန်ခန့်က အဆိုပါ လူငယ် သုံးဦးသည် မိုးညှင်းမြို့၊ နန်းခါ(မြောက်) ရပ်ကွက်ရှိ အားမာန်စားသောက်ဆိုင်တွင် ထိုင်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်များက ဦးခေါင်းတွင် သေနတ်ဖြင့် ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။
ထို့သို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ၃ရက်မြောက်နေ့အထိ မိသားစုနှင့်တွေ့ခွင့်မရသေးသည့်အပြင် မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း မိုးညှင်းဒေသခံတစ်ဦးကပြောသည်။
“စစ်တပ်ကပြောတာ ရဲစခန်းပို့လိုက်ပြီပြောတယ်။ စရဖတွေကလည်း သူတို့ကို စစ်ဆေးပြီးပြီလို့ပြောတယ်။ သူတို့မှာ အပြစ်မရှိဘူးဆိုတဲ့ စာလည်းထွက်ထားပြီ။ လူမှားဖမ်းတယ်လို့လည်း ပြောတယ်။ ၃ရက်ရှိပြီ လွတ်ပေးမယ်ပြောတာ။ အခုထိ မလွတ်ပေးသေးဘူး” ဟု ပြောသည်။
၎င်းတို့ ၃ ဦးအား ဖမ်းဆီးထားသော နေရာ အတိအကျမသိသေးသော်လည်း စစ်ကောင်စီ၏ အမြောက်တပ်တွင် ဖမ်းဆီးထားသည်ဟု သတင်းအစအနများကြားနေရကြောင်း၊ ၎င်းတို့ သုံးဦးလွတ်မြောက်ရန် အတွက် မိသားစုဝင်များက PCG အဖွဲ့ထံ အကူအညီတောင်းခံထားကြောင်း သူက ဆက်ပြောသည်။
ဖမ်းဆီးခံရသော ကချင်လူငယ်သုံးဦးမှာ မိုးညှင်းမြို့ အောင်သပြေ(၁)ရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် ကိုတီဖေရမ် ၊ အသက် ၂၈နှစ် အရွယ် ကိုနော်လီနှင့် အသက် ၂၃ နှစ်အရွယ် ကိုယိန်းချန်းတို့ဖြစ်ကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ