မိုးကုတ်မြို့ရှိ စစ်ဗျူဟာကုန်း အရာရှိအိမ်ယာအနီးနှင့် ထွေအုပ်ရုံးအုတ်တံတိုင်းတို့တွင် ယနေ့ ညနေပိုင်း ၅နာရီနှင့် ၆နာရီကြားတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မိုးကုတ်ဒေသခံများထံမှသိရသည်။
လက်နက်ကြီးသည် စစ်ဗျူဟာကုန်းနှင့် ထွေအုပ်ရုံး အုတ်တံတိုင်းတို့တွင် ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မိုးကုတ်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မိုးကုတ် စစ်ဗျူဟာကုန်းက အရာရှိနေတဲ့နေရာ ရေကန်အနီးမှာ လက်နက်ကြီးပေါက်ကွဲတယ်။ နောက်တစ်ချက်က ထွေအုပ် အုတ်တံတိုင်းကို သွားထိတယ်။ အသံကတော့ ကျွန်တော်ကိုယ်တိုင်ကြားတာအကျယ်ကြီးပဲ” ဟုဆိုသည်။
ထိုသို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိသော်လည်း စစ်ဗျူဟာကုန်းအနီးတွင် လက်နက်ကြီးကျရောက်ပေါက်ပြီးနောက် အရှိန်ဖြင့်မောင်းနှင်လာသော Probox ယာဥ်က ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့သောကြောင့် ဆိုင်ကယ်ယာဥ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းရှိ ကန်ဘောင်တံတားနှစ်စင်းအနားတွင် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။