ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယနေ့မှစတင်ပြီး ကျောင်းအပ် လက်ခံနေသော်လည်း ကျောင်းလာအပ်သည့် ကျောင်းသား ကျောင်းသူ ၅၀ ဦးပင် မပြည့်ကြောင်း သိရသည်။
ကျောင်းသား ၅၀၀၀ ကျော်ရှိသည့် ဟိုပင်မြို့တွင် ယနေ့ ကျောင်းအပ်သည့်ကျောင်းသားအရေအတွက် ၁ ရာခိုင်နှုန်းပင် မရှိကြောင်း အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက The 74 Media ကို ပြောသည်။
“ဟိုပင်မြို့မှာ ကျောင်းသား ၅ ထောင်နီးပါး ရှိတယ်၊ မူ၊ လယ်၊ ထက် ကျောင်း အားလုံးပေါင်းတာတောင် တစ် ရာခိုင်နှုန်းတောင် မပြည့်ဘူး၊ ကျောင်းတွေမှာ လာအပ်တာ မရှိဘူး” ဟု ပြောသည်။
အထက မြသီတာတွင် ကျောင်းလာအပ်သော ကျောင်းသား/ကျောင်းသူ ၁၀ဦးကျော်၊ အထက စက်ကုန်းတွင် ၂၀ ဦးကျော်သာ ကျောင်းလာအပ်ကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီမှ ဦးဆောင်သော ပညာရေးစနစ်တွင် ကျောင်းသွားမအပ်သည့် လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦးမှလည်း ယခုလို ပြောသည်။
“ကလေးတွေကို အထက ဟိုပင်မှာထားတာ၊ နှစ်ယောက်ရှိတယ်၊ ၅တန်းနဲ့ ၁၀တန်း ရှိတယ်၊ အဓိက က မကြိုက်လို့ မတက်တာ၊ အယုံအကြည်မရှိလို့ပေါ့” ဟု သူက ပြောသည်။
ဟိုပင်မြို့တွင် အထက ကျောင်း ၃ ကျောင်း၊ မူလွန်ကျောင်း ၃ ကျောင်း ၊ အမက ၅ ကျောင်း ရှိကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ