ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့မနက် ၁၀ နာရီကျော်ဝန်းကျင်၌ စစ်ကောင်စီတပ်မှ စစ်အင်အားတင်ဆောင်လာသည့် လေယာဉ်နှစ်စီး လွိုင်ကော်လေဆိပ်တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။
လေယာဉ်စုစုပေါင်း သုံးစီးဆင်းသက်ခဲ့ပြီး တစ်စီးမှာ ခရီးသည်လေယာဉ်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးမှ The 74 Media ကိုပြောသည်။
“လေယာဉ် သုံးစီးဆင်းတာ။ ပထမတစ်စီးကတော့ ခရီးသည်လေယာဉ်။ နောက်နှစ်စီးကတော့ စစ်သားအင်အား ၁၀၀ လာချတာတဲ့။ အင်အားထပ်ဖြည့်တာ”ဟု ပြောသည်။
မွန်းလွဲတစ်နာရီဝန်းကျင်နှင့် သုံးနာရီဝန်းကျင်တွင် စစ်ကောင်စီ၏လေယာဉ်နှစ်စီး အတက်အဆင်းရှိပြီး စစ်အင်အားအပြင် လက်နက်များပါ တင်ဆောင်လာသည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ယနေ့ည ၈နာရီ ၃၀ မိနစ်အချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ လွိုင်ကော်မြို့အနီးရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လေယာဥ်များပျံဝဲနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
ကယားပြည်နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးခက်အခဲရှိကြောင်းသိရသည်။
Photo Courtesy by CJ