၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တစ်ဖန်အသက်ဝင်ခဲ့သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲခရီးကြမ်းသည် လာမည့် ၂၀၂၁ ဇွန်လ ၉ ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်။ တစ်နည်းအားဖြင့် တစ်သိန်းနှစ်သောင်းကျော်သော ကချင်၊ ရှမ်း၊ တအောဝ်းနှင့် လားဟူ အစရှိသည့် သွေးချင်းပြည်သူအများသည် ကချင်ဒေသအနှံ့အပြားတွင် စစ်ဘေးရှောင်ပြည်သူများအဖြစ် မိမိနေရပ်အား စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ဆယ်နှစ်သက်တမ်းသို့ရောက်ရှိလာပြီဖြစ်သည်။
စစ်ဘေးရှောင်ပြည်သူများနှင့် ဤတော်လှန်ရေးခရီးရှည်အား ခွန်အားစိုက်ထုတ်မောင်းနှင်နေသူများအဖို့ လွယ်ကူချောမွေ့သော ခရီးတစ်ခုမဟုတ်ခဲ့ပါ။ လက်နက်ကြီးကျည်နှင့် ဗုံးသံ၊ ကျည်သံများအကြား မိမိနေရပ်ရိပ်မြုံအား စွန့်ခွာထွက်ပြေးရင်း၊ အများထောက်ပံ့သောအိမ်၊ အစားအသောက်နှင့် အစစအရာရာမှီခိုနေကြရသော ကချင်ဒေသစစ်ဘေးရှောင်သူများ၏ နှစ်ရှည်ကြာ ဒုက္ခဆင်းရဲမှုများသည် ဝမ်းနည်းမြည်တမ်းစရာအတိဖြစ်ပါသည်။
တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအပြင်၊ အရပ်သားများအား လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းများနှင့် အရပ်သားများအပေါ်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများသည် ထိုနှစ်ကာလများအတွင်း အကြိမ်ပေါင်းမြောက်များစွာဖြစ်ပွားခဲ့သည်။ ထိုသို့ တပ်မတော်၏ထိုးစစ်ဆင်မှုများအပြင်၊ အာဏာရအစိုးရ၏ မတရားမှုအပေါ် နှုတ်ဆိတ်ငြိမ်သက်နေခြင်း၊ စစ်ရှောင်ပြည်သူများနှင့် ပတ်သက်သောမူဝါဒများ ပြောင်းလဲပြင်ဆင်ခဲ့ခြင်း စသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ပညာရေးစသည့် လူမှုဘဝအဘက်ဘက်မှပျက်စီးဆုံးရှုံးခဲ့ကြရပြီး၊ အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရသည်။
ကချင်ဒေသပြည်သူများအနေဖြင့် မိမိတို့ရပိုင်ခွင့်ရှိသော နိုင်ငံရေးနှင့် ရှိရင်းစွဲအခွင့်အရေးများ ပြန်လည်ရရှိရေး အတွက် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသောနည်းနာများအား အကြိမ်ကြိမ်အကောင်အထည်ဖော်ခဲ့ကြပြီ ဖြစ်ကြောင်းကို ၁၉၈၀ ဆွေးနွေးမှုများ၊ ၁၉၉၄ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်နှင့် ၂၀၁၃-၂၀၁၅ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်ရေးဆွဲရေးဖြစ်စဥ်များသည် ခိုင်မာသောသက်သေများအဖြစ် ဖော်ပြနေသည်။ ထိုသို့ဆွေးနွေးအဖြေရှာသောနည်းလမ်းများအား အကြိမ်ကြိမ်အသုံးပြုခဲ့သော်လည်း ဆွေးနွေးနေစဥ်ကာလအတွင်း တပ်မတော်မှ ပြည်တွင်းစစ်တွင် အသုံးမပြုသင့်သော လေယာဥ်ပစ်လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများသည် ယုံကြည်မှုတည်ဆောက်ရာတွင် အပျက်သဘောဆောင်စေခဲ့သည်။ အလားတူအဖြစ်အပျက်များသည် ကချင်ဒေသတွင်သာမက မြန်မာနိုင်ငံတွင်း အခြားသောပြည်နယ်ဒေသများ တွင်လည်းဖြစ်ပွားခဲ့ပြီး၊ လက်သည်တရားခံအစုအဖွဲ့မှာ တူညီကြသည်။
ယနေ့ မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် တပ်မတော်၏ စစ်စည်းကမ်းနှင့်မလျော်ညီသော ယုတ်မာရိုင်းစိုင်းသည့် အပြုအမူများနှင့် အများပြည်သူ၏ သဘောဆန္ဒကို လေးစားမှုမရှိသော လုပ်ရပ်များအား မြန်မာနိုင်ငံပြည်သူအများအနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ ခံစားနေရပြီဖြစ်သည်။
ပြဿနာအရပ်ရပ်၏ အရင်းစစ်အမြစ်မြေအား ဖြိုခွဲနိုင်မှသာ စိမ်းလန်းသောပျိုးသစ်ကိုတည်နိုင်မည်။ ဤအရေးတော်ပုံအောင်မြင်မှသာ နှစ်ရှည်လများစွာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော ကချင်ဒေသသွေးချင်းညီအစ်ကိုများသာမက တစ်တိုင်းပြည်လုံး ငြိမ်းချမ်းဖွံ့ဖြိုးနိုင်ပါလိမ့်မည်။
ထို့ကြောင့်၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ဖို့၊ စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်စေဖို့ –
အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြပါစို့။
ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြပါစို့။
စစ်ဘေးရှောင်များအား မမေ့မလျော့ ကူညီဖေးမကြပါစို့။