မြစ်ကြီးနားမြို့၊ နောင်နန်းကျမ်းစာသင်ကျောင်းအနီး ဂျော်ဘွမ်ဆုတောင်းတောင် သွားရာလမ်းတွင် ယနေ့ည ၉ နာရီခွဲခန့်အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် လာရောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ် စစ်ကားရှစ်စီးခန့်နှင့် သံချပ်ကာကားအပါအဝင် စစ်သားအမြောက်အများက ဂျော်ဘွမ်ဆုတောင်းသွားရာလမ်းတွင် လာရောက်သွားကြောင်း ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ဂျော်ဘွမ်လမ်းခွဲမှာ စစ်သားတွေအများကြီးပဲ၊ စစ်ကား ခုနှစ်စီး ရှစ်စီးလောက်ဟုတ်တယ်၊ တင့်ကားလည်းပါတယ်၊ ၁၁ နာရီ လောက်မှာ ပြန်သွားတယ်”ဟု ဆိုသည်။
လူနေအိမ်များအတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ခြင်း ရှိ /မရှိကိုမူ မသိကြောင်း သူကဆက်ပြောသည်။
မည်သည့်အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နောင်နန်းကျမ်းစာကျောင်းအနီး ဂျော်ဘွမ်ဆုတောင်းတောင်သွားရာလမ်းတွင် တစ်နာရီခွဲခန့် ရပ်နားသွားသည်ကို မသိရှိရသေးပါ။
သို့သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နောင်နန်းသွားရာ လမ်းမပေါ်ရှိ ရှစ်မိုင်ကျေးရွာတွင် နေအိမ်အချို့တွင် ဝင်ရောက်စစ်ဆေးရှာဖွေမှုများပြုလုပ်သွားခဲ့သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကဆိုသည်။
လွန်ခဲ့သည် မတ်လ ၁၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နောင်နန်းကျမ်းစာသင်ကျောင်းအတွင်း ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့သည်။
ပုံ / မတ်လအတွင်းက မြစ်ကြီးနားမြို့တွင် လှည့်လည်နေသော စစ်ကောင်စီယာဥ်တန်းများ။
သင့်ထင်မြင်ချက်ရေးပေးပါ