ကချင်ပြည်နယ်အတွင်းရှိ ပူတာအို – ခေါင်လန်ဖူး သွားရာလမ်းပေါ်ရှိ ဆန်းလွှတ်ချက်တောင်ကြားလမ်းတွင် မော်တော်ယာဥ်များ မကြာခဏတိမ်းမှောက်လျှက်ရှိကြောင်း ဒေသခံများထံမှသိရသည်။
လက်ရှိ မော်တော်ယာဥ်များ တိမ်းမှောက်လျှက်ရှိသောနေရာမှာ မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ဆန်းလွှတ်ချက်တောင်ကြားလမ်းဖြစ်ပြီး တံတောင်ဆစ်ကဲ့သို့ကွေ့ ကောက်ကာ အတက်အဆင်းကြမ်းတမ်းသောကြောင့် မော်တော်ယာဥ်များ မကြာခဏတိမ်းမှောက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။
”ခေါင်လန်ဖူးလမ်းက ဆန်းလွှတ်ချက်တောင်မှာက အခြေအနေဆိုးတယ်၊ လမ်းကို သေချာလေးမပြင်လိုက်ရင် အဆင်မပြေဘူး၊ တချို့ကတော့ ကားသမားတွေမှားတာလည်းပါတယ်”ဟုပြောသည်။
ပြီးခဲ့သည် မေလ နှင့် ယခုလ အတွင်းမှာပင် မော်တော်ယာဥ်တိမ်းမှောက်မှု ၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်းသူက ဆိုသည်။
မော်တော်ယာဥ်များ တိမ်းမှောက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်ဒဏ်ရာသာရရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ပါ။
ပူတာအို-မချမ်းဘော-မဂွေဇ-ခေါင်လန်ဖူးလန်းသည် မိုင် ၁၁၅မိုင်ခန့်ရှည်လျားသော လမ်းဖြစ်ပြီး ယခင်က ၁၀ရက်ခန့်သွားရသော်လည်း ယခုအချိန်တွင်မူ တစ်ညအိပ်ဖြင့် ခရီးပေါက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ