စစ်ကောင်စီတပ်ကို မော်တော်ယာဥ်မောင်းပေးရင်း ကေအိုင်အေအဖွဲ့ တိုက်ခိုက်ခံရသောကြောင့် သေဆုံးခဲ့သည့် ကားဆရာ၏ မိသားစုဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကူငွေ တစ်သိန်းနှင့် ဆန်တစ်အိတ် ပေးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် အသက် ၅၅ နှစ်အရွယ် ကားဆရာ ဦးစောငြိမ်းသည် ဇွန်လ ၂၁ ရက်နေ့က တာမခန်-ဆယ်ဇင်း ကျေးရွာကြားရှိ ကျောက်ပုံရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် ကားမောင်းပေးရင်း ကေအိုင်အေအဖွဲ့၏ ကြားဖြတ်တိုက်ခိုက်ခံရချိန် လက်နက်ကြီး ထိမှန်ပြီး ကားမီးလောင်ပြာကျကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသည့် ဦးစောငြိမ်း၏ မိသားစုများထံသို့ လျော်ကြေးပေးခြင်း မဟုတ်ဘဲ အကူငွေ ဟုဆိုကာ ငွေကျပ် တစ်သိန်းနှင့် ဆန်တစ်အိတ်ပေးခဲ့ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“လက်နက်ကြီးထုလို့သေတာ၊ ပိုက်ဆံနဲ့ငှားတာလိုက်လိုက်တာ၊ စစ်တပ်ကနေ ကူတာပေါ့ဗျာ။ လျော်ကြေးပေးတာ မဟုတ်ပါဘူး။ ဆန်တစ်အိတ်နဲ့ပိုက်ဆံတစ်သိန်းလာကူတာပေါ့”ဟုပြောသည်။
ကားဆရာ ဦးစောငြိမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ္စည်းသယ်ခ အဖြစ် အသွားအပြန် ငွေကျပ် တစ်သိန်း ပေးမည်ဟုဆိုကာ တာမခန်မှ ကားနှစ်စီးနှင့် ဆယ်ဇင်းမှ ကားသုံးစီး ငှားရမ်းခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။
ဆုံးပါးသွားသည့် ဦးစောငြိမ်းရုပ်အလောင်းကို ပီနံအိတ်ဖြင့်ထုတ်ကာ ဦးစောငြိမ်းအိမ်သို့ လာရောက်ပို့ဆောင်ခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောကြားချက် အရသိရသည်။
ဦးစောငြိမ်းသေဆုံးသွားသောနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်ပါသည့် အရပ်သားကား ၅ စီးဖြင့် ဆယ်ဇင်းမှ တာမခန်သို့ သွားသောလမ်းခရီးတွင် ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ စစ်သား ၈ ဦးထက် မနည်း ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကားတစ်စီးမီးလောင်ပြာကျခဲ့သည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ