ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မြို့မရပ်ကွက် (၂) မှ လူငယ်တစ်ဦးအပါအဝင် ၎င်း၏အိမ်သား စုစုပေါင်း ၆ ဦးကို ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်သင်တန်းပြန်လူငယ်ဟုဆိုကာ ၎င်းလူငယ်အပါအဝင် မိသားစုဝင်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“PDF ဆိုတာကို သတင်းပေးပြီးဖမ်းခံလိုက်ရတာတဲ့၊ အခုပါသွားတာက သူ့ညီမ ကလေးအမေ ကလေးကနှစ်ယောက်၊ သူ့မိဘတွေရော ” ဟု ပြောသည်။
PDF ဟု စွပ်စွဲခံရသည့် ကိုဒိန်ခန်ဒီးတန် ဆိုသူအပါအဝင် စုစုပေါင်း ခြောက်ဦးဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ ရဲနဲ့ စစ်သားအင်အား ၂၀ ဦးခန့်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
ယခုအချိန်တွင် ၎င်းတို့အား ပူတာအို စစ်ကောင်စီတပ်ရင်း ၄၆ သို့ခေါ်ဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
ယခုလို ဖမ်းဆီးခံရခြင်းသည် စစ်ကောင်စီ သတင်းပေး (ဒလန်)များကြောင့်ဟု ပူတာအိုဒေသခံများက ပြောဆိုနေကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ