ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ကိုဗစ် သံသရလူနာများ တွေ့ရှိသောကြောင့် ထိုကျေးရွာတွင် စစ်ရှောင်နေသည့် ပြည်သူအချို့ သည် ၎င်းတို့၏ မူလနေရပ်သို့ ပြန်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ ဇူလိုင် ၁၄ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားသောကြောင့် ခိုင်းရွန်ကျေးရွာ ဂေါ်လုယန်ကျေးရွာ နှင့် ကွမ်ဆိုင်ကျေးရွာ သုံးရွာမှ ပြည်သူ ၂၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။
၎င်းတို့ စစ်ရှောင်နေသည့် ဆိုင်းဖရာကျေးရွာရှိ ဒေသခံများတွင် ကိုဗစ် သံသယလူနာများတွေ့ရှိလာသောကြောင့် ကူးစက်လာမည်ကို စိုးရိမ်သဖြင့် နေရပ်သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း နေရပ်သို့ပြန်သွားသူ စစ်ရှောင်တစ်ဦးက The 74 Media ကိုပြောသည်။
“တစ်အိမ်လုံး အနံ့မရဘူးလို့လည်းပြောတယ်။ ဒီမှာက ရောဂါ စစ်တာမျိုး မရှိသေးဘူး။ ဒါပေမယ့် များသောအားဖြင့် ကိုဗစ်လက္ခဏာတွေ တွေ့လို့ ပိုးတွေ့လို့ ယူဆကြတာပေါ့။ အဲ့တာကြောင့် စစ်ရှောင်တစ်ချို့က ဒီမှာ မနေရဲလို့ ရွာကိုပြန်တဲ့သူတွေလည်းရှိတယ်။ ဒီမှာပဲ လူစုလူဝေး မဖြစ်စေချင်တာပေါ့” ဟုပြောသည်။
ကိုဗစ်ကူးစက်ခံရမည် စိုးရိမ်သောကြောင့် ခိုင်းရွန်ကျေးရွာနှင့် ဂေါ်လုယန်ကျေးရွာမှ စစ်ရှောင်အိမ်ထောင်စု ၁၁စုသည် နေရပ်ပြန်သွားကြောင်းသိရသည်။
နေရပ်သို့ ပြန်လာသော်လည်း လက်ရှိချိန်တွင် စစ်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညကအထိတော့ လက်နက်ကြီးတွေပစ်နေကြသေးတယ် ၊ ဒါပေမယ့် ကိုဗစ်တွေ့တယ်လို့ပြောလို့ လက်နက်ထက် ကိုဗစ်ကိုကြောက်လို့ ပြန်လာတာပေါ့။ ပြန်တာက ယာယီပေါ့။လက်နက်ကြီးပစ်လည်း ကိုယ့်အိမ်မှာ တည့်တည့်လာမပစ်ရင်တော့ ပြေးရင် လွှတ်မယ်ထင်တယ်။ ကိုဗစ်ကတော့ ကူးစက်ခဲ့ရင် မလွယ်လို့လေ။ ဆေးကုသတာတွေ ဆေးဝါးတွေလည်း ဘာမှ မပြည့်စုံလို့လေ” ဟု ပြောသည်။
၎င်းတို့စစ်ရှောင်ခဲ့သည့် ဆိုင်းဖရာကျေးရွာမှ ကိုဗစ်သံသယလူနာများကို ဆေးကုသပေးနေသော်လည်း ဆေးဝါးအခက်အခဲနှင့် အောက်စီဂျင်အခက်အခဲများရှိကြောင်း သိရသည်။
စစ်ရှောင်အချို့ နေရပ်ပြန်သွားသော်လည်း ကားမိုင်း-ဖားကန့်လမ်းမပေါ်ရှိ နန့်ယားကျေးရွာအနီးမှ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ယမန်နေ့ညပိုင်းအထိ ပစ်ခတ်မှုများရှိနေသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်နေ့က ဆိုင်းဖရာကျေးရွာအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးကျသဖြင့် ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
– ဆိုင်းဖရာသို့ စစ်ဘေးတိမ်းရှောင်လာသည့် ဇူလိုင်လ ၁၄ ရက်နေ့က ရိုက်ကူးထားသောပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ