ရွှေစက်စစ်ရှောင်စခန်း

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ KBC စစ်ရှောင်စခန်းတွင် ယမန်နေ့က ကိုဗစ်၁၉ ပိုးတွေ့ရှိသူ များပြားခဲ့သောကြောင့် အစားအသောက်၊ ကျန်းမာရေးပစ္စည်းများနှင့် ဆေးဝါးများအခက်အခဲဖြစ်နေကြောင်း သိရသည်။

စစ်ရှောင်ပြည်သူ ၁၆ ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ ရှိခဲ့ပြီးနောက် အဆိုပါစစ်ရှောင်စခန်းအား Lockdown ချလိုက်သဖြင့်စစ်ရှောင်ပြည်သူများ အခက်အခဲဖြစ်နေကြောင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညနေက စစ်ရှောင်အတွင်းမှာတင် ဖျားနာသူတွေက အရမ်းများလာလို့ သံသယဖြစ်တာနဲ့ ဦးစားပေးအရင်စစ်လိုက်တာ။ ၁၈ ယောက်ကိုစစ်တာ ၁၆ ဦးတွေ့တာပေါ့။ စစ်တဲ့သူအားလုံးနီးပါးတွေ့တဲ့ သဘာပေါ့။ Lockdown လည်းချထားတော့ အခုစစ်ရှောင်တွေ အစားအသောက်၊ ကျန်းမာရေးအသုံးအဆောင်​တွေနဲ့ ဆေးဝါးတွေ အခက်အခဲဖြစ်နေတယ်”ဟု ပြောသည်။

ပိုးတွေ့ရှိသူ အချို့မှာ ဝမ်းရေးအတွက် စစ်ရှောင်စခန်းပြင်ပသို့သွားရောက်ခဲ့၍ နေ့စားလုပ်ကိုင်ခဲ့သောကြောင့် ကိုဗစ် ပိုးကူးစက်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။

ပိုးတွေ့ရှိသူများအား စစ်ရှောင်စခန်းရှိ အဆောင်တစ်ခုတွင် သီးသန့်ထားရှိကာ ဆေးကုသပေးနေကြောင်း သူကဆက်ပြောသည်။

မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ KBC စစ်ရှောင်စခန်းသည်လူဦးရေ ၆၀၀ ကျော်နေထိုင်သောစစ်ရှောင်စခန်းဖြစ်သည်။

လူဦးရေထူထပ်သည့် စခန်းဖြစ်သောကြောင့် အခြားစစ်ရှောင်များလည်း ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးလိုသောကြောင့် အုပ်ချုပ်ရေးမှူးမှတဆင့် ဆေးရုံကြီးသို့ အကူအညီတောင်းခံထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

“စစ်ရှောင်ပြည်သူအားလုံးကို စစ်ဖို့အတွက်က မတတ်နိုင်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး သက်ဆိုင်ရာ ဆေးရုံကနေလာရောက်စစ်ဆေးပေးဖို့ အကူအညီတောင်းမလို့ပေါ့။ ထပ်စစ်ရင်တောင် ပိုးထပ်တွေ့နိုင်တဲ့သူတွေအများကြီး ရှိနေသေးတယ်”ဟု ပြောသည်။

ရွှေစက် KBC စစ်ရှောင်စခန်းအပြင် မြစ်ကြီးနားမြို့အတွင်းရှိ ဂျန်မိုင်ကောင်း RC စစ်ရှောင်စခန်းတွင် ၂ဦး၊ မိုင်းနား KBC စစ်ရှောင်စခန်းတွင် ၄ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် အဆိုပါစစ်ရှောင်စခန်းများကိုလည်း Lockdown ပြုလုပ်ထားသည်။

The 74 Media မှ ရရှိထားသော အချက်အလက်များအရ မြစ်ကြီးနားမြို့တွင် ကိုဗစ် တတိယလှိုင်းကြောင့် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့ (ယနေ့) စုစုပေါင်း ၇ရက်အတွင်း ပြည်သူ ၅၇ ဦးခန့် သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ