ကောလင်းမြို့
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ဖလဲကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ၂၅ ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ခွာသွားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီး ရှောင်တိမ်းနေရာမှ ပြန်လာသည့် အသက် ၄၀ အရွယ် ကိုဖုန်းကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတွင်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ညနေကစစ်တပ်ကအဲ့ရွာကနေ ရွှေ့ပြီဆိုပြီး သတင်းတွေထွက်နေတာ။ အပြင်ထွက်လိုက် ပြန်ဝင်လိုက်နဲ့ အရောင်ပြတယ်ထင်တယ်။ ထွက်သွားပြီထင်ပြီး ရွာထဲ ကျွဲ၊ နွား၊ ဝက် တွေကို အစာကျွေးဖို့ပြန်ဝင်ချိန် ပစ်ခံရတာ။ သူ့တို့တပ်စွဲထားတဲ့ ရွာထဲဝင်လို့ မမေးမမြန်းပဲကိုပစ်တာ” ဟုသူကပြောသည်။
သေဆုံးသူ၏ အလောင်းကို ပြန်လည်ရရှိပြီး ညတွင်းချင်း သဂြိုလ်လိုက်ကြောင်း သူကဆက်ပြောသည်။
ပစ်ခတ်သတ်ဖြတ်ခံရသည့် ကိုဖုန်းကျော်တွင် ဇနီးဖြစ်သူနှင့် သမီးတစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
ဖလဲကျေးရွာအနီးတွင် ဩဂုတ်လ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာသို့ဝင်၍ ပစ်ခတ်ခဲ့သောကြောင့် ဒေသခံပြည်သူများက ထွက်ပြေး တိမ်းရှောင်နေကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ