ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယနေ့ နေ့လယ် ၁၂ နာရီကျော်မှစတင်ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် PDF တို့အကြား တိုက်ပွဲတွင် ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စကစတွေ ဆင်းလာကြတယ်ကြားတာနဲ့ ဒေသခံ KNDF/PDF တွေလှုပ်ရှားကြတော့တာပါ။ အမြှောက်တပ်ရင်းက ပစ်ကူနေတာ။ သူတို့ရမ်းသမ်းပစ်ခတ်နေလို့ လက်ရှိပြည်သူနှစ်ဦး လေးနာရီကျော်မှာ ကျည်ထိထားတယ်။ နေအိမ်တွေမှာ လက်နက်ထိမှန်လို့ ပျက်စီးတာရှိပေမယ့် လက်ရှိတိုက်ပွဲက မပြီးသေးတော့ ပျက်စီးမှုအတိအကျတော့ ပြောလို့မရဘူးဗျ” ဟု ပြောသည်။
ကျည်ထိမှန်ခဲ့သူ ပြည်သူနှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူကပြောသည်။
ဖယ်ခုံမြို့တွင် စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် PDF၊ KNDF တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှ သေဆုံးသူများခဲ့ကြောင်းလည်း သိရသည်။