မြစ်ကြီးနား – မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လွယ်ခေါ်ကျေးရွာ၊ ၁၈ မိုင်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းက ၂၁ မိုင် စုပေါင်းဂိတ်တွင် တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များထံ ချီတက်လာစဥ် လမ်းခုလတ်၌ ကေအိုင်အေတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်များသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ကြောင်း လွယ်ခေါ်ဒေသခံများပြောပြချက်အရသိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးခရိုင်၊ လော်ကူအနီးနှင့် ဖိုက်ကုန်(Hpai Kawng) ကျေးရွာအနီးတွင်လည်း ယနေ့ နံနက် ၇ နာရီခန့်က ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် စစ်အင်အားဖြည့်တင်းရန် ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲဖြစ်ပွားနေချိန်တွင် လက်နက်ကြီးသံများ အဆက်မပြတ် ကြားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကိုးကန့် MNDAAတပ်များရှိရာ ဖောင်းဆိုင် ၊ မန်ရန် ၊ ရှီကျိကျတောင်တန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်သို့ စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်လျက်ရှိနေသောကြောင့်ကချင်လွတ်မြောက်ရေးတပ် (KIA)၊ ကိုးကန့်(MNDAA)တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နှင့် ၃၀ရက်နေ့အတွင်းက မုံကိုးခရိုင် မန်ရန် နှင့်ရှီကျိကျ တောင်တန်းသို့ စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီး စုစုပေါင်း (၁၀၀)ကျော်ရှိကြောင်း ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားသည်။
Photo – The Kokang
===============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e